
တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွင်း အစိုးရတပ်တွေက အမျိုးသမီးတွေကို မတရားအနိုင်ကျင့်ပြီး လက်နက်လို အသုံးချတာကို ရပ်တန့်ပေးဖို့ KWAT ခေါ် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကချင်ဒေသ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတိုင်း မြန်မာအစိုးရတပ်တွေက တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်မှုကို စစ်လက်နက်သဖွယ် ဆက်လက် အသုံးပြုနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
ကျူးလွန်သူတွေထဲမှာ စည်းကမ်းဥပဒေတွေကို ထိန်းချုပ်တဲ့ အစိုးရစစ်တပ် အရာရှိတွေ ကိုယ်တိုင်ပါဝင်နေပြီး ကျူးလွန်တဲ့ တပ်သားတွေကို ထိထိရောက်ရောက် အရေးမယူတဲ့အတွက် ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်တယ်လို့ ကချင်အမျိုးသမီးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီက ပြောပါတယ်။
“စစ်တခုဖြစ်ပြီဆိုရင် အစိုးရစစ်တပ်တွေရဲ့ တိုင်းရင်းသားဒေသမှာ သူတို့လုပ်နေကျ အမျိုးသမီးတွေကို လက်နက်သဖွယ် အသုံးပြုတယ်။ မုဒိမ်းကျင့်မှုကို လက်နက်တခုလို အသုံးပြုတယ်။ အစိုးရစစ်တပ်ရဲ့ ထိုးဖောက်မှုတခုလို့ ကျမတို့ ခံစားမိတယ်။ အဲ့ဒါတွေကို ထုတ်ဖော်ချင်တယ်။ တကယ်ပဲ ရက်ရက်စက်စက်ဖြစ်နေတာတွေကို ထုတ်ဖော်ချင်တယ်။ ဆက်လုပ်နေတာတွေကိုလည်း ရပ်တန်းကရပ်စေချင်တာပေါ့။”
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ ၁၁ လကြာ စစ်ပွဲအတွင်း အစိုးရတပ်ဖွဲ့တွေရဲ့ ကိုယ်ထိလက်ရောက် ရိုက်နှက်၊ အနိုင်ကျင့်စော်ကားခံခဲ့ရတဲ့ အမျိုးသမီးပေါင်း ၆၀ ကျော်လောက် ရှိတယ်လို့ ကချင်အမျိုးသမီးအဖွဲ့က ဆိုပါတယ်။
ဒီလ ၁ ရက်နေ့တုန်းကလည်း ကချင်ပြည်နယ် ပန်ဝါမြို့နယ် ချီဗွေမြို့နယ်ခွဲ လပ်ပီရွာမှာ တိုက်ပွဲကြောင့် ဘုရားရှိခိုးကျောင်းထဲမှာ ပုန်းခိုနေသူ အမျိုးသမီး တဦးကို အစိုးရတပ်ဖွဲ့ဝင် ၁၀ ဦးက ရိုက်နှက်ပြီး အုပ်စုလိုက် မတရားကျင့်ခဲ့တဲ့ အကြောင်း၊ သူမကို ကူညီဖို့ ကြိုးစားခဲ့တဲ့ ခင်ပွန်းဖြစ်သူကိုလည်း အစိုးရတပ်က ရိုက်နှက်ခဲ့တဲ့အကြောင်းနဲ့ ဒဏ်ရာတွေနဲ့ မေ့လဲနေတဲ့ သူတို့ ၂ ဦးကို မေလ ၄ ရက်နေ့မှာမှ ရွာသားတွေ တွေ့ရှိပြီး ပန်းဝါဆေးရုံတင်ပေးခဲ့ရတယ်လို့ ကချင် အမျိုးသမီးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
မနှစ်အောက်တိုဘာလတုန်းက အစိုးရတပ်က ဆွမ်လွတ်ရွယ်ဂျာ ဆိုတဲ့ အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အမှုမှာ သက်သေတွေနဲ့ နေပြည်တော် လွှတ်တော်တရားရုံးထိ တိုင်တန်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တာလည်း တရားမျှတမှု မရှိဘူးလို့ ကချင်အမျိုးသမီးအဖွဲ့က ပြောပါတယ်။
ဒီမေလဆန်းပိုင်းက တရုတ်နယ်စပ် ပန်ဝါဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံ ၁ ထောင်ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်ရပြီး ၂၀၁၁ ဇွန်လကနေ စတင်ခဲ့တဲ့တိုက်ပွဲကြောင့် အိုးပစ်အိမ်ပစ် ထွက်ပြေးနေရသူ စစ်ပြေးဒုက္ခသည်ပေါင်း ၇ သောင်းကျော်ရှိသွားပြီလို့ သိရပါတယ်။











