ကိုလံဘီယာ ELN သူပုန် ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၅ ဦး သေဆုံး

ဓာတ်ပုံ -Getty Images
1.6K
ကိုလံဘီယာ ELN သူပုန်တွေရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ကိုလံဘီယာစစ်တပ်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့က ဗင်နီဇွဲလား နယ်စပ်အနီး သွားနေတဲ့ စစ်ဘက်ယာဉ်တန်းကို ELN ပြောက်ကျားတွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။
ဒီလုပ်ရပ်ဟာ ကာလရှည်ကြာနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ဖို့ လိုအပ်ကြောင်း ပြသတာဖြစ်တယ်လို့ ကိုလံဘီယာ အစိုးရက ဆိုပါတယ်။
အစိုးရဟာ ELN သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်နဝါရီလက ရပ်နားခဲ့ပါတယ်။
“ဒါဟာ ယူဆချက်သက်သက် မဟုတ်တော့ပါဘူး။ ELN သူပုန်တွေရဲ့ လက်ချက်ပါပဲ။ အကြမ်းဖက်သမား ဂွန်ဇာလိုကာဒယ်တယ် ဦးဆောင်တဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်” လို့ ဗိုလ်ချုပ် ရီကာဒိုဂိုမက်ဇ်က ပြောကြားခဲ့ပါတယ်။
သမ္မတ ဟွမ်မန်နူရယ်ဆန်းတို့စ်ကတော့ ကျူးလွန်သူတွေကို ကိုလံဘီယာစစ်တပ်က လိုက်လံရှင်းလင်းမှာဖြစ်တယ်လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။