လာမထုတ်သည့်ပေါက်မဲထီ ၂ နှစ်ကျော်အတွင်း ကျပ်သန်း ၁ သောင်းကျော်ရှိ
DVB
·
February 27, 2018
အောင်ဘာလေပေါက်မဲထီတွေကို လာမထုတ်တာကြောင့် ဘဏ္ဍာငွေအဖြစ်သိမ်းဆည်းခဲ့တာ ၂ နှစ်ကျော် အတွင်းမှာ ကျပ်သန်းပေါင်း တသောင်းကျော်ရှိတယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစီရင်ခံပါတယ်။
မနေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစီရင်ခံခဲ့တာပါ။
အောင်ဘာလေထီက ပေါက်ပြီးတော့ သတ်မှတ်ကာလအတွင်း လာမထုတ်တာကြောင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၄၃၅၆ ကျော်၊ ၂၀၁၆- ၁၇ မှာ ကျပ်သန်းပေါင်း ၅၂၅၉ ကျော်နဲ့ ၂၀၁၇-၁၈ ခုနှစ်အတွက် ဧပြီကနေ စက်တင်ဘာလကုန်အထိ ကျပ်သန်း ၂၂၃၉ ကျော် သိမ်းဆည်း ရခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလို ဆုငွေတွေ လာမထုတ်လို့ အခွန်ရငွေတွေ တိုးလာပြီးလျာထားချက်ထက် ကျော်လွန်ခဲ့ တယ်လို့လည်း စီမံကိန်းနဲ့ ဘဏ္ဍာရေး ဒု ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။
“လျာထားချက်ထက်ကျော်ခဲ့တာကတော့ ၂၀၁၇ ခုနှစ်၊ မတ်လမှာ ၅၀၀ တန် အောင်ဘာလေထီတွေ စတင်ရောင်းချခဲ့ပြီး အက္ခရာတွေ တိုးမြှင့်ရောင်းရတာ၊ ဆုငွေတွေကို သတ်မှတ်ကာလအတွင်းမှာ လာရောက် မထုတ်ယူလို့ ဘဏ္ဍာသိမ်း အခွန်တွေ ရလို့ဖြစ်ပါတယ်” လို့ ပြောပါတယ်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ် ပထမ ၆ လပတ်မှာ အောင်ဘာလေထီကနေ ရတဲ့ အခွန်ပမာဏဟာ ၄၄ ဒသမ ၂၇၇ ဘီလီယံ (ကျပ်သန်းပေါင်း ၄ သောင်းခွဲလောက်) ရှိတယ်လို့ ဆိုပါတယ်။
အခွန်တွေတိုးကောက်ရလာပေမယ့် အခွန်နဲ့ ဂျီဒီပီ (ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုး) အချိုးကတော့နည်းနေဆဲ ဖြစ်တယ်လို့ ဝန်ကြီးက ပြောသလို ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကစလို့ ကျဆင်းလာတယ်လို့လည်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သုံးသပ်ထားပါတယ်။