Home
မြန်မာသတင်း
လျှပ်စစ်သုံးယူနစ်များ ပေါင်းပြီး ကောက်ခံမှု မကျေနပ်၍ ရက်ကန်းလုပ်ငန်းရှင် ၈၀ လက်မှတ်ထိုး တိုင်ကြားမည်
DVB
·
February 27, 2018
28276641_2624256077713393_8376956976917577781_n
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ လျှပ်စစ်သုံးယူနစ်တွေပေါင်းပြီး ကောက်ခံနေတာကို မကျေနပ်လို့  ရက်ကန်းလုပ်ငန်းရှင် ၈၀ လောက်က လျှပ်စစ်ဓာတ်အားပေးဝေရေး ကော်ပိုရေးရှင်းကို တိုင်ကြားဖို့ စီစဉ်နေပါတယ်။ အဆောက်အဦ ခြံဝင်းတခုထဲမှာ ပိုင်ရှင်တဦးတည်းက မီတာ ၂ လုံးနဲ့အထက် ပိုတဲ့ မီတာတွေကို သုံးစွဲယူနစ်တွေ တပေါင်းတည်း ပြုလုပ်ပြီး ဘောင်ချာတခုတည်းနဲ့ ကောက်ခံမှာကို မကျေနပ်လို့ ရက်ကန်းလုပ်ငန်းရှင် ၈၀ က လက်မှတ်ရေးထိုးတိုင်ကြားမယ်လို့ ဝိမဟာအထည်စက်ရုံပိုင်ရှင် ဦးအောင်သူရက ပြောပါတယ်။ “ပါဝါမီတာတလုံးကို ရက်ကန်းစင် ၄၀ လောက်ပဲ နိုင်တယ်။ ရက်ကန်းစင် ၈၀ လောက် ဆိုတော့ ပါဝါမီတာ ၂ လုံးနဲ့ အိမ်သုံးမီတာ ၂ လုံး ရှိနေတယ်။ အဲဒီ ၄ လုံးကို သုံးထားတဲ့ ယူနစ်တွေ ပေါင်းပြီး ဘောင်ချာတခုတည်းနဲ့ ငွေကောက်မယ်တဲ့။ အခုတောင် တလကို ၇ သိန်းလောက် ဆောင်ရတယ်။ အဲဒီလိုကောက်ရင် ၁၀ သိန်းလောက် ဆောင်ရမယ် ထင်တယ်။ အခုတပ်ထားတဲ့ ပါဝါမီတာတွေ ပြန်ဖြုတ်ယူပါ။ ပါဝါမီတာတလုံးကို ၁၅ သိန်းအထက် သွင်းကြေးရှိတယ်။ ပြန်ပေးပါ ဆိုတော့လည်း Deposit ကြေး ၈ သောင်းပဲ ပြန်ရမယ်တဲ့။ ခေါင်းကျကျ ပန်းကျကျ ငါ စားမယ်ဆိုရင် မတရားဘူးပေါ့။ သူတို့ပဲ ဒီရက်ကန်းစင်နဲ့ ဒီမီတာတွေ မနိုင်ပါဘူး၊ နောက်ထပ် တပ်ပါဆိုလို့ တပ်ရတယ်။ အခုကျတော့ မီတာ ၁ လုံးချင်း ငွေသွင်းပြေစာ ထွက်ပေးရတာ သူတို့ ရှုံးနေတယ်တဲ့။ ဒါကြောင့် ပေါင်းပြီး ငွေကောက်မှာတဲ့။ အသေးစား၊ အလတ်စားလုပ်ငန်းတွေ အားပေးနေတာပါ။ အခုက သတ်သလို ဖြစ်နေတယ်။” အိမ်သုံးမီတာ ၁ လုံးမှာ ၁ ယူနစ်က ၁၀၀ အထိ ၃၅ ကျပ်နှုန်း၊ ယူနစ် ၁၀၀ က ၂၀၀ အထိ ၄၀ ကျပ်နှုန်း၊ ၂၀၀ အထက် ၅၀ ကျပ်နှုန်း လျှပ်စစ်သုံးစွဲခ ကောက်ခံနေပါတယ်။ပါဝါမီတာ ၁ လုံးမှာ ၁ ယူနစ်က ၅၀၀ အထိ ၇၅ ကျပ်နှုန်း ကောက်ပြီး ယူနစ် ၅၀၀ အထက်ကို ၁၀၀ ကျပ်နှုန်း ငွေကောက်ပါတယ်။ သုံးစွဲယူနစ်တွေ ပေါင်းပြီး ကောက်ခံရင် ၇၅ ကျပ်နှုန်း၊ ခံစားခွင့် မီတာတလုံးသာ ရမှာဖြစ်ပြီး အိမ်သုံး မီတာယူနစ်တွေလည်း ပေါင်းထည့်တဲ့အထဲ ပါသွားမှာ ဖြစ်ပါတယ်။ လျှပ်စစ်အင်ဂျင်နီယာ ဦးသန်းလှိုင်က “တိုင်းနဲ့ခရိုင် ပေါင်းပြီး ခြံဝင်း အဆောက်အဦ တခုထဲမှာ ပိုင်ရှင်တဦးတည်းက မီတာ ၁ လုံးထက် ပိုသုံးထားတဲ့ လုပ်ငန်းရှင်စာရင်း ကောက်တယ်။ လုပ်ငန်းရှင် ၁၄၀၀ ရှိနေတယ်။ ပြန်စိစစ်လိုက်တော့ ၆၆၄ ဦးပဲ ရှိတယ်။ ဘောင်ချာတခုတည်းနဲ့ ယူနစ်တွေ ပေါင်းပြီး ငွေကောက်မယ်လို့ လုပ်ငန်းရှင်တွေဆီ အကြောင်းကြားစာ ပို့ထားပါတယ်။ အဲဒီလို မကောက်ရသေးပါဘူး။ ကောက်မယ်လို့တော့ ညွှန်ကြားထားတယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ စက်ရက်ကန်းစင် ‎၃၀၀၀၀ လောက်ရှိပြီး အဲဒီရက်ကန်းစင်တွေ မှီခိုပြီး လူဦးရေ ၁ သိန်းလောက် အလုပ်လုပ်နေကြပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024