နိုဘယ်လ်ဆုရ အမျိုးသမီးတွေအပါအဝင် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက တိုက်ပွဲဒေသမှာရှိတဲ့ မုဒိမ်းမှုနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှုတရပ် စတင်လိုက်ပါတယ်။
အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီး မုဒိမ်းမှုအများဆုံး ဖြစ်ပွားနေတဲ့ မြန်မာ၊ ကိုလံဘီယာ၊ ကွန်ဂိုနဲ့ ကင်ညာနိုင်ငံတွေကို အဓိကထား လှုံ့ဆော်တာ ဖြစ်ပါတယ်။
ဒီလှုံ့ဆော်မှုနဲ့ ပတ်သက်ပြီး ဘာမားကမ်းပိန်းယူကေအဖွဲ့ရဲ့ စည်းရုံးရေးမှူး ဒေါ်မေရီလှကို ဆက်သွယ်မေးမြန်းထားပါတယ်။
“နိုဘယ်လ်ဆုရှင်အမျိုးသမီးတွေ ပါဝင်တဲ့ သူတို့ခေါင်းဆောင်တဲ့ အဖွဲ့အစည်းနဲ့၊ နောက်ပြီးတော့ အခြား သူတို့နဲ့အတူ တွဲလုပ်နေတဲ့ ကော်မတီအဖွဲ့အစည်း ၂၅ ခုပေါ့နော် နိုင်ငံတကာမှာ ရှိတဲ့ မြို့နယ်နဲ့ အစည်းအရုံးတွေ၊ နောက်ပြီးတော့ အမျိုးသမီးရပိုင်ခွင့် လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေ၊ နောက် မုဒိမ်းမှုပပျောက်ရေး လှုပ်ရှားတဲ့အဖွဲ့အစည်းတွေ၊ ဒီအဖွဲ့အစည်းတွေက ပူးပေါင်းပြီးတော့ပေါ့နော်။ ပထမဦးဆုံး ကမ္ဘာလုံးဆိုင်ရာ လှုံ့ဆော်မှုပေါ့နော် တိုက်ပွဲဒေသမှာရှိတဲ့ မုဒိမ်းမှုနဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအတွက်ကို campaign တခု စပြီးတော့ လုပ်ဆောင်တာကို ကျမတို့ မြန်မာပြည်အရေးကို လှုံ့ဆော်တဲ့ ကမ်ပိန်း အုပ်စုတွေက အားလုံး ထောက်ခံအားပေးတဲ့အနေနဲ့ ဒီ ကြေညာချက်ကို ထုတ်တာပါ။”
ကြေညာချက်မှာ အမျိုးသမီးတွေကို အကြမ်းဖက်မှု ပပျောက်ရေးအနေနဲ့ လုပ်တယ်ဆိုတော့ ဘယ်လိုမျိုးပုံစံနဲ့ လုပ်ဆောင်သွားမှာလဲ။
“ဒီ campaign ကို အဓိက ၄ နိုင်ငံကို ဦးစားပေးပြီးတော့ လုပ်တယ်ရှင့်။ အဓိက ဒီမုဒိမ်းမှုဖြစ်ပွားမှု အများဆုံး ဒေသနဲ့ ကာကွယ်မှုကို အမြန်ဆုံးလိုအပ်တဲ့ ဒေသတွေပေါ့နော်၊ နိုင်ငံတွေဖြစ်တယ်။ အဲဒီထဲမှာ မြန်မာပြည်ရယ်၊ ကိုလံဘီယာရယ်၊ ကွန်ဂိုရယ်၊ ကင်ညာရယ် ပေါ့နော်။ အခု အဓိကက မြန်မာပြည်မှာ ဆိုလို့ရှိရင် လူတွေအားလုံးက၊ ကမ္ဘာနိုင်ငံတွေကရော၊ အခု လက်ရှိအစိုးရရဲ့ နိုင်ငံရေး တိုးတက်ပြောင်းလဲမှုကိုပဲ ပြောနေကြတယ်။ ကမ္ဘာကလည်း ဒီ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုတွေ ရှိလာပြီ ဆိုပြီးတော့၊ သူတို့ အခု စီးပွားရေးပိတ်ဆို့မှုတွေကို လျှော့ပေါ့ပေးဖို့ကိုပဲ စဉ်းစားပြီးတော့ ပြောဆိုနေကြတယ်ပေါနော်။
“တကယ်အားဖြင့်ကတော့ သူတို့ရဲ့ မြန်မာပြည် တိုးတက်မှုဆိုတာက အများကြီး ပြောပလောက်တဲ့ တိုးတက်မှု မရှိသေးပါဘူး။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ တိုက်ခိုက်ထိုးနှက်မှုတွေက အခုအချိန်အထိ ရှိနေတုန်းပါပဲ။ အဲဒီ တိုက်ခိုက်ထိုးနှက်မှုတွေနဲ့အတူ သူတို့က အမျိုးသမီးတွေကို မုဒိမ်းကျင့်တာကို လက်နက်တခုအနေနဲ့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်မှုတွေ အများကြီးရှိတယ်။ အဲဒီလိုဆိုတော့ ဒီအခြေအနေတွေ ပပျောက်သွားအောင်လို့ ကျမတို့က ဒီ campaign ကို ပါဝင်ပြီးတော့ ထောက်ခံအားပေးတာပါ။”
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကို အဓမ္မကျင့်ကြံပြီး လက်နက်သဖွယ် အသုံးပြုတာက အခုက ဘယ်လောက်ဆိုးဝါးနေလဲ။
“မြန်မာပြည်မှာ ဟိုးအရင် နှစ်ပေါင်းများစွာကတည်းက အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေကို သူတို့ ဒီမုဒိမ်းမှုနဲ့ အသုံးပြုပြီး ဒီအမျိုးသမီးတွေရဲ့ ဘဝကို ဖျက်ဆီးနေတာ တော်တော်ကြာပါပြီ။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာတုန်းကတောင်မှ ကမ္ဘာကလည်း ဒီရွေးကောက်ပွဲကို ပြောနေတယ်။ လူတွေအားလုံးကလည်း ဒီရွေးကောက်ပွဲကို အာရုံစိုက်နေတဲ့အချိန်မှာတောင်မှ တဖက်မှာ ရှမ်းပြည်နယ်မှာ မသန်မစွမ်း အမျိုးသမီးတယောက်ကို စစ်တပ်ကနေပြီးတော့ စစ်သားတချို့ နေပြီးတော့ မုဒိမ်းကျင့်တဲ့အမှု ဒီအမျိုးသမီးဆိုလို့ရှိရင် သူက ရှက်ပြီးတော့ ဘာမှ ဘယ်သူ့မှလည်း မတိုင်ရဲဘူး ဒီလိုမျိုးနဲ့ အမှုတွေ ပပျောက်သွားတာ အများကြီးပါပဲ။
“တကယ့် တကယ်ကတော့ အားလုံးက မှတ်တမ်းတွေ ကောက်နိုင်တယ် ဆိုပေမဲ့လည်း မှတ်တမ်းမကောက်နိုင်ဘဲနဲ့ ပပျောက်သွားတဲ့အမှုတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ မုဒိမ်းကျင့်ခံရမှုဟာ သုံးယောက်မှာ တယောက်က ဒီလိုအမှုမျိုးကို ရင်ဆိုင်ရပါတယ်။ ဒါကြောင့်မို့ ကျမတို့က ဒီအမှုတွေ ပပျောက်ဖို့ကို အားလုံးက ဝိုင်းဝန်းပြီးတော့ ပါဝင်ပေးဖို့ လိုအပ်ပါတယ်။”
အခုလက်ရှိ နိုင်ငံတကာကလည်း မြန်မာပြည်ရဲ့ အပြောင်းအလဲတွေကို အားပေးတယ်။ နောက် ပိတ်ဆို့အရေးယူမှု တချို့တောင် ရုပ်သိမ်းသွားတာမျိုးတွေ ရှိတယ်လေ။ ဆိုတော့ အခု ဒီအမျိုးသမီးတွေကို စစ်မြေပြင်မှာ လက်နက်သဖွယ်အသုံးပြုနေတာ၊ အဓမ္မပြုကျင့်တာတွေက အခု ဆက်ရှိနေဆဲပဲ ဖြစ်တဲ့အခါကျတော့ အစ်မတို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုရော၊ မြန်မာအစိုးရတွေကိုရော ဘယ်လိုမျိုး တိုက်တွန်းပြောဆိုချင်လဲ။
“ဒီ campaign အနေနဲ့ ကျမတို့ တောင်းဆိုထားတာကတော့ နိုင်ငံတကာအစိုးရတွေက မုဒိမ်းမှုတွေပပျောက်အောင် တားဆီးပေးဖို့ပေါ့နော်။ ဒုတိယအချက်အနေနဲ့ကတော့ ဒီ မုဒိမ်းကျင့်ခံရတယ်၊ ပြီးတော့ အကြမ်းဖက်နှိပ်စက်မှုခံရတဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကာကွယ်စောင့်ရှောက်ပေးဖို့၊ သူတို့တွေက ပတ်ဝန်းကျင်နဲ့ သူတို့ရဲ့ မိသားစုနဲ့ ပြန်ပြီးတော့ ဒီလိုမျိုး ခံရတဲ့အခါမှာ သူတို့ စိတ်ပိုင်းဆိုင်ရာရော၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာရော ထိခိုက်မှုတွေ အများကြီး ရှိပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ ပြန်ပြီးတော့ မိသားစုနဲ့ရော ပတ်ဝန်းကျင်နဲ့ရော ပြန်လည်ထူထောင်ပေးဖို့အတွက်ကို ကျမတို့ တောင်းဆိုပါတယ်။ နောက်တခုကတော့ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံတွေကိုလည်း တရားမျှတစွာ အရေးယူပေးဖို့ ပေါ့နော်။ အခု မြန်မာပြည်မှာဆိုရင် ခုနကပြောပြခဲ့သလိုပဲ တချို့နယ်တွေမှာ ဆိုလို့ရှိရင် မုဒိမ်းကျင့်တဲ့အမှုတွေ ဖြစ်တယ်။ ကလေးတွေရော နောက်ပြီးတော့ ဒီလို မသန်မစွမ်းအမျိုးသမီးတွေကအစ ဒီမုဒိမ်းကျင့်တာတွေကို ခံရတယ်။ တချို့တွေဆိုရင် ရှက်လို့ ဘာမှ မပြောတာတွေ ရှိတယ်။ ဘယ်လို ဘယ်ကိုတိုင်းလို့ တိုင်းရမှန်းမသိတာတွေ ရှိတယ်။ တိုင်တာတောင်မှ ထိရောက်စွာ အရေးယူမှုတွေ မရှိတာတွေ ရှိတယ်။ ဆိုတော့ ဒီလိုအမှုတွေ ပပျောက်ပြီးတော့ တကယ်ကို ကျူးလွန်တဲ့သူကို ကျူးလွန်တဲ့အလျောက် အရေးယူမှုတွေ ထိရောက်စွာ ဆောင်ရွက်ဖို့ကိုလည်း ကျမတို့ကတောင်းဆိုပါတယ်။”
အခု အရေးယူပေးဖို့ကို အစ်မတို့ တောင်းဆိုပေမယ့်လည်း ဘယ်သူက ဘာလုပ်ပါတယ်ဆိုတာကို တိုင်ကြားမှုမျိုးက ဘယ်လိုမျိုးသက်သေတွေနဲ့ လုပ်မလဲ။
“ကျမသိရတဲ့အတွေ့အကြုံအရ တချို့တွေက မုဒိမ်းမှုဖြစ်မြောက်ခဲ့ပြီဆိုရင် သူတို့ဖြစ်တဲ့အခြေအနေတွေကို သွားတိုင်တဲ့သူတွေလည်းရှိတယ်။ သွားတိုင်တဲ့အခါ အရေးယူမှုတွေဟာ တကယ်ခံစားရတဲ့ အမျိုးသမီးတွေရဲ့ ခံစားမှုထက်စာရင် ဘာမှမပြောပလောက်ဘဲ ပြီးသွားတာတွေလည်း ရှိတယ်။ ကျမပြောချင်တဲ့ အဓိပ္ပာယ်က တရားမျှတစွာ စီရင်ဆုံးဖြတ်ခြင်း မရှိတာပါပဲ။ တချို့အမှုတွေဆိုရင် စစ်အစိုးရအသိုင်းအဝိုင်း၊ စစ်တပ်အသိုင်းအဝိုင်းတွေကြောင့် ပပျောက်သွားတာရှိတယ်။ တချို့ ရဲဝန်ထမ်းတွေ လာဘ်စားမှုတွေကြောင့် အမှုတွေဟာ ထိရောက်စွာအရေးယူခြင်းမရှိဘဲ ပပျောက်သွားတာရှိပါတယ်။ ဒါမျိုးတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့၊ တားဆီးပေးဖို့၊ မုဒိမ်းမှုတွေဟာ မကောင်းဘူး၊ မဖြစ်သင့်ဘူး ဆိုတာကို ပညာပေးအနေနဲ့ တားဆီးပေးဖို့၊ သူတို့ကိုယ်တိုင်က လက်တွဲပြီး လုပ်ဆောင်ပေးဖို့၊ အမျိုးသမီးတွေကို ကာကွယ်ပေးဖို့၊ တရားမျှတစွာ အရေးယူမှုတွေမှာလည်း သူတို့ကိုယ်တိုင် စိစစ်ပေးဖို့ ကျမတို့က တောင်းဆိုတယ်။ ဒီလိုဖြစ်လာဖို့ဆိုတာက လူတွေအားလုံးရဲ့ ဆန္ဒပါမှ နိုင်ငံတိုင်းက အစိုးရတိုင်းက နားထောင်မှာ၊ အရေးယူမှာပါ။ ဒါကြောင့်မို့ ကျမတို့က လူတွေကို တောင်းဆိုချင်တာကတော့ ဒီကမ်ပိန်းနဲ့ ပတ်သက်ပြီးတော့ ကျမက ဝဘ်ဆိုက်တခု လုပ်ထားတယ်။ အဲဒီဝဘ်ဆိုက်ထဲမှာ လူတိုင်း၊ အဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းက ပါဝင်လို့ရပါတယ်။ အဲဒီဝဘ်ဆိုက်ကတော့ www.stoprapeinconflict.org ကို ဝင်ကြည့်လို့ရှိရင် ကာကွယ်တားဆီးဖို့၊ အရေးယူဖို့၊ကို ဘယ်လိုတွေ လုပ်ရင် ရတယ်ဆိုတာကို အသေးစိတ်ရေးပြထားပါတယ်။ ဥပမာ – စကားအားဖြင့် လူတွေကို ပညာပေးခြင်းအားဖြင့် ဒါတွေကို ပပျောက်အောင် လုပ်မယ်။ နောက်ပြီးတော့ နိုင်ငံ့ခေါင်းဆောင်တွေ သိအောင် ဖော်ထုတ်ပြီး သူတို့တွေ အရေးယူပေးအောင်လုပ်မယ်။ ဒီလို ဖြစ်နေတဲ့ ဒေသတွေမှာ သေချာ မှတ်တမ်းမှတ်ရာတွေ တင်ခြင်းအားဖြင့် အရေးယူမှုတွေ ထိရောက်လာအောင် လုပ်မယ်။ ဒါမျိုးတွေမှာ ပါဝင်ကူညီပေးလို့လည်း ရပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုး ဆိုတာက အမျိုးသမီးတွေတင်မကပါဘူး၊ တချို့နေရာတွေမှာဆို အမျိုးသားတွေရော လူငယ်တွေပါ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ ခံရတာတွေရှိပါတယ်။ အမျိုးသမီးတွေပဲဆိုင်တဲ့အရာမဟုတ်ဘူး။ လူတိုင်းနဲ့ဆိုင်တဲ့အတွက် လူတိုင်းပဲပါဝင် လှုံ့ဆော်ထောက်ခံအားပေးကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။”