Saturday, June 10, 2023
Homeမေးမြန်းခန်းအလုပ္သမားအေရး ညှိနှိုင်းဆောင်ရွက်ပေးသူ ဦးအောင်သိန်းလင်းနှင့် မေးမြန်းချက်

အလုပ်သမားအရေး ညှိနှိုင်းဆောင်ရွက်ပေးသူ ဦးအောင်သိန်းလင်းနှင့် မေးမြန်းချက်

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်မှာ ဆန္ဒပြနေကြတဲ့ စက်ရုံတွေရှိရာကို လွှတ်တော်ပြုပြင်ပြောင်းလဲရေး နဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ အရင် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်း သွားရောက်ပြီး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးအောင်သိန်းလင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။

အန်ကယ်၊ ဒီနေ့ လှိုင်သာယာမှာ အလုပ်သမားတွေ အရေး လိုက်ပြီးတော့ ဖြေရှင်း ဆောင်ရွက်ပေးနေ တယ် လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ အခုပဲပြန်လာတယ်။”

အန်ကယ်တို့ ဘယ်လိုဖြေရှင်းပေးခဲ့တယ် ဆိုတာ သိပါရစေ၊ အဆင်ပြေသလား။

“လောလောဆယ်တော့ မပြေလည်သေး ဘူး။ သူတို့တွေက ၃ သောင်း ပိုတောင်းတာပေါ့။ အလုပ်ရှင်တွေက ၁ သောင်းခွဲထိ တိုးပေးတယ်။ အဲဒီကြားထဲမှာ ညှိနေတုန်းပဲ၊ မပြေလည်သေးဘူး။”

အန်ကယ် ပါတီအနေနဲ့ သွားဖြေရှင်းပေးတာလား၊ လွှတ်တော်ရေးရာ ကော်မတီအနေနဲ့ သွားဖြေရှင်းပေးတာလား။

“ကျနော် ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ အနေနဲ့ သွားတာပါ။”

ကျနော်တို့ကြားတာတော့ အလုပ်သမားတွေက ရှားပါးစရိတ် ၃ သောင်းတောင်းတယ်။ ဟိုဘက်က လည်း တ၀က်ပဲပေးတယ်။ သူတို့အလုပ်ရှင်တွေဘက်က ၃ ရက်အချိန်ပေးတယ်။ ၃ ရက်မှ အလုပ်ပြန် မဆင်းရင် စည်းကမ်းအရ ထုတ်မယ်လို့ ပြောဆိုတာတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အန်ကယ် ဘယ်လို ဆက်ဆောင်ရွက်မယ်လို့ စိတ်ကူးထားပါသလဲ။

“ညှိရမှာပေါ့။ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီ စာချုပ်ချုပ်တာ၊ လက်မှတ် ထိုးထားတဲ့ အထဲမှာတော့ အဲဒီ စည်းကမ်းချက်တွေပါတယ်။ ဒါပေမယ့် ပြေလည်တဲ့ထိတော့ ဆက်ပြီး ကြိုးစား ညှိနှိုင်းရမှာပေါ့။ ဒါတွေက မပြေလည်ရင် ဒီအလုပ်သမားတွေ ဘယ်လိုလုပ် ထမင်းသွားစားကြမလဲ။ ကျနော် တို့ကတော့ အလုပ်သမားတွေဘက်က ရပ်တည်ပြီး တောင်းဆိုပေးတယ်။ စက်ရုံပိုင်ရှင်တွေ ဘကက်လည်း ၁ သောင်းခွဲထိတော့ သူတို့ လိုက်တိုးပေးထားတာ တွေ့ရတယ်။ အဲဒီကြားထဲမှာ နှစ်ဖက် ထပ်ညှိရဦးမှာပေါ့။”

ဒီရက်ပိုင်း ရန်ကုန်မှာ ဒီအလုပ်သမားတွေ၊ အထည်ချုပ် အမျိုးသမီးလေးတွေ အလုပ်သမားလစာတွေ မရကြလို့၊ လုပ်ခလစာတွေ နည်းလို့ ဆန္ဒပြကြတာ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့အပေါ်မှာ အန်ကယ် ဘယ်လို သုံးသပ်ပါသလဲ။ နောက် အန်ကယ်တို့ လွှတ်တော်ထဲမှာရော နောက်ထပ် ဘယ်လိုဆောင်ရွက် သွားဖို့ စိတ်ကူးထားပါသလဲ။

“အမှန်က အလုပ်သမားဝန်ကြီးဌာနကနေ ဒါမျိုးပြဿနာတွေ ဖြေရှင်းပေးဖို့အတွက် ပါသင့်တဲ့သူတွေ ပါပြီး ကော်မတီဖွဲ့ဖို့ စီမံထားတယ်။ တိုင်းဒေသကြီး အလိုက်၊ အဲဒီ့ ကော်မတီကနေ နောက်ပိုင်း မှာ ဖြေရှင်းသွားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ဒီလို ခဏ ခဏဖြစ်နေတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ လွှတ်တော်ထဲမှာလည်း အဖြေရှာရမှာပေါ့။”

အန်ကယ်အနေနဲ့ အခုကိစ္စနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါ။

“အလုပ်သမားတွေ သူတို့ဘက်က တောင်းဆိုတာလည်း အပြစ်မတင်ဘူး။ တကယ်လိုအပ် လို့ တောင်းဆိုတာပေါ့။ အလုပ်ရှင်တွေဘက်ကလည်း သူတို့လိုက်လျောနိုင်သလောက် လိုက်လျောတယ်။ အဲဒါ့ မပြေလည်လို့ရှိရင် ကျနော်တို့က နောင်လာမယ့် ရှေ့အလားအလာပေါ့၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (အက်ဖ်ဒီအိုင်) ဥပဒေအရ ရင်းနှီးမြှုပ်နှံမယ့် အဖွဲ့တွေက နည်းနည်းလေး နောက်တွန့်သွား မှာ စိုးရိမ်တယ်။ အဲဒါတွေ ဂယက်ရိုက်မှာတော့ ကျနော့်အနေနဲ့ စိုးရိမ်ပါတယ်။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular