DVB Logo
Home
မြန်မာသတင်း
ဇွန်လကစပြီး စာပေအမျိုးအစားအားလုံး စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည်
DVB
·
May 16, 2012
ဇွန်လကစပြီး စာပေအမျိုးအစားအားလုံး စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည်
Donate to DVB

လာမယ့် ဇွန်လက စတင်ပြီး စာပေအမျိုးအစားအားလုံး စာပေစိစစ်ရေးကနေ ကင်းလွတ်ခွင့်ပေးတော့မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန စာပေစိစစ်ရေးနှင့်မှတ်ပုံဌာန  ဒုညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ဝင်္ကဘာလမ်းရှိ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနရုံးမှာ မေလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ဂျာနယ်မဂ္ဂဇင်းနှင့် အထွေထွေစာမူတွေကို ထပ်မံအုပ်စုခွဲခြား သတ်မှတ်ကြောင်း ထုတ်ပြန်ကြေညာတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးတင့်ဆွေက ပြောကြားလိုက်တာပါ။

ဦးတင့်ဆွေက “နိုင်ငံရေးနဲ့ ဘာသာရေး ၂ ခုမှာ ၁ ခုကို လွှတ်​ပေး​လိုက်မှာပါ။ ဘာကြောင့်လဲဆိုရင် သာမန်အားဖြင့်ပြောတဲ့အခါ ၂၀၁၂ ခုနှစ် ဇွန်လကို တက်ကြည့်တဲ့အခါ ဒီဘက်က ဆင်ဆာလုပ်ငန်းအားလုံး ကျနော်တို့ နိုင်ငံမှာ မရှိတော့ဘူးဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ သမ္မတရော၊ ၀န်ကြီးလည်း ပြောပြီးသားလည်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒီလို ကင်းလွတ်ခွင့်ပေးပြီး နောက်ပိုင်းတွေမှာတော့ မြန်မာနိုင်ငံ စာရေးဆရာများအသင်း၊ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ စာပေထုတ်ဝေ ဖြန့်ချိသူများ အသင်းနဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်စတဲ့  အဖွဲ့အစည်းတွေပါဝင်မယ့် press council ဖွဲ့စည်းဆောင်ရွက်သွားမယ့် အကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“သမ္မတကြီးရဲ့ အမိန့်အရ စာနယ်ဇင်းကောင်စီမျိုး ဖွဲ့ပေးဖို့ ရှိပါတယ်။ စာနယ်ဇင်းကောင်စီ ဇွန်လမှာပေါ်မယ်လို့ မျှော်မှန်းထားပါတယ်။ ပေါ်လာတာနဲ့ တပြိုင်တည်း ခုနက ပြောတဲ့ နိုင်ငံရေးနဲ့ ဘာသာရေး ဆင်ဆာလွှတ်ပေးတော့မှာ ဖြစ်ပါတယ်။”

စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနအနေနဲ့ အရင်က ဂျာနယ်၊ မဂ္ဂဇင်းနဲ့ အထွေထွေစာမူတွေကို အုပ်စု ၂ ခု ခွဲခြားထားပြီး အုပ်စု ၁ ပါ အထွေထွေစာမူတွေကို ပထမဆုံးအနေနဲ့ ပုံနှိပ်မထုတ်ဝေခင် စာပေစိစစ်ရေးကိုတင်ပြရတဲ့ တင်/ထုတ်စနစ်ကနေ ပုံနှိပ်ထုတ်ဝေပြီးမှ စာပေစိစစ်ရေးကိုတင်ပြရတဲ့ ထုတ်/တင် စနစ်ကို ပထမဆုံး ပြောင်းလဲကျင့်သုံးခဲ့တာပါ။

အဲ့ဒီနောက် အခု စတုတ္ထအကြိမ်မှာတော့ အုပ်စု ၂ ထဲမှာ ကျန်ရှိနေသေးတဲ့ အထွေထွေစာမူတွေထဲက လုံးချင်းဝတ္ထုတွေနဲ့ ကဗျာတွေကို အုပ်စု ၁ ထဲကို ထည့်သွင်းပြီး ပုံနှိပ်ထုတ်ဝေပြီးမှ စိစစ်ရေးကိုတင်ပြရတဲ့ ထုတ်/တင် စနစ်နဲ့ မေလ ၁၅ ရက်နေ့ကစတင် ကျင့်သုံး ထုတ်ဝေခွင့်ပြုမယ့် အကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

ဒီအပေါ်ကို စာရေးဆရာ ဝေမှူးသွင်က “ဒီလိုမျိုး ဖြစ်လာတာကို ကျနော်တို့က ကြိုဆိုရမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ စာရေးတဲ့လူက ပထမတော့ စာပေစိစစ်ရေး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျနော်တို့က ကိုယ်ရေးတဲ့စာကို ကိုယ်တာဝန်ယူရမှာပါပဲ။ ဒါပေမယ့် အခုလိုမျိုး လွတ်လပ်ခွင့်ပေးလိုက်တာက စာကို ပိုပြီးတော့ ဖန်တီးခွင့် ရလာတာပေါ့နော်။ အခြေအနေက အချို့ဟာတွေမှာ လွတ်လွတ်လပ်လပ် ရေးခွင့် ရလာတာပေါ့။ အရင်တုန်းကဆိုရင် သူတောင်းစားလို အခန်းမျိုးတွေ ထည့်ရေးလို့ မရဘူး။ ပြီးတော့ ဆင်းရဲတာတွေ၊ မီးလောင်တာတွေ ထည့်ရေးလို့မရဘူး စာပေစိစစ်ရေးက အကုန်လုံးကို ဖြတ်တယ်။ ကောင်မလေးကစပြီး ချစ်ရေးဆိုခွင့် မရှိဘူး ဒါမျိုးတွေပေါ့။ ဘယ်လောက်ပဲ ဖန်တီးမှုအားကောင်းတဲ့ အနုပညာသမားပင် ဖြစ်လင့်ကစား အဲဒီလိုမျိုး ဆင်ဆာတွေ ရှိတဲ့အခါကျတော့ ကျနော်တို့က အပြည့်အဝ အနုပညာ အရည်အသွေးကို ထုတ်ပြခွင့် မရှိဘူးပေါ့။

“အခုလိုမျိုး ဖြစ်သွားတဲ့အခါကျတော့ တိုင်းပြည်မှာရှိတဲ့ အားနည်းချက်တွေ၊ ခေတ်ကာလကို သရော်တဲ့ဟာတွေ ဒါမျိုးတွေပေါ့။ ဒါမျိုးတွေက အများကြီး အဆင်ပြေလာပါလိမ့်မယ်။ ကျနော်တို့ ထောက်ပြတဲ့အခါမှာ ပိုပြီး ထိရောက်တယ်လို့ ကျနော်ထင်တယ် ဒါကို ကျနော်တို့ ကြိုဆိုပါတယ်” လို့ ပြောပါတယ်။

ဒီလို လုံးချင်းဝတ္ထုအပါအ၀င် အမျိုးအစားအတော်များများ စာပေစိစစ်ရေး တင်ပြစရာမလိုတော့ဘဲ ထုတ်/တင် စနစ်နဲ့ လွတ်လပ်စွာ ထုတ်ဝေခွင့်ရလာပေမယ့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုနိုင်မယ်၊ ဘယ်လို ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်ဆိုတဲ့ နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်း ဥပဒေတွေကိုတော့ တိတိကျကျ ထုတ်ပြန်တာမျိုးတော့ မရှိသေးဘူးလို့ စာပေထုတ်ဝေရေး လုပ်ငန်းရှင်တဦးက ဆိုပါတယ်။

“အဓိက ပြဿနာတက်ရင် အဓိက တာဝန်က ထုတ်ဝေသူမှာပဲလို့ ပြောတယ်။ စာရေးဆရာမှာ မရှိဘူးပေါ့နော်။ ထုတ်ဝေသူ ထုတ်မှပဲ ဒီစာအုပ်က အပြင်ရောက်မှာ ဆိုတဲ့အတွက် တကယ့် တကယ် အရေးယူမယ်ဆိုရင် စာရေးဆရာကို မဟုတ်ပဲနဲ့ ထုတ်ဝေသူကိုပဲ အရေးယူမယ်လို့ပဲ ပြောတယ်။ ဒါပေမယ့် ဘာအရေးယူမယ်ဆိုတာကိုတော့ အတိအကျမပြောဘူး။ မပြောဘူးဆိုတာက သူကတော့ နည်းနည်းဝေ့ပြောတာပေါ့၊ ဝေ့ပြောပေမဲ့ ဒါ သူဆိုလိုတာကတော့ ရှင်းတယ်လေ။ သူတို့ကတော့ လိုက်စုံစမ်းပြီးတော့ အရေးယူမှာ မဟုတ်ဘူး။ တိုင်တဲ့လူရှိမှ အရေးယူမယ့် သဘောမျိုးပေါ့။ သူတို့ကတော့ စည်းကမ်းချက် စာရွက်လေး ပေးတယ်ဗျာ။ အဲဒီ စာရွက်ထဲမှာ ပါတဲ့ အချက်လေးတွေပေါ့။ အဲဒါလေးတွေ တော်ရုံတန်ရုံ ငြိနေတယ်ပေါ့။ ဥပမာ ဒို့တာဝန် အရေး သုံးပါးကို ထိပါးတာတို့ ဒါမျိုးတွေပေါ့ အဲဒီလို အချက်လေးတွေပေါ့။”

စာပေစိစစ်ရေးကို တင်ပြစရာမလိုတော့ဘဲ ထုတ်တင်စနစ်နဲ့ လွတ်လပ်စွာ စာပေတွေကို ထုတ်ဝေပြုလိုက်ပြီ ဖြစ်ပေမယ့်လည်း စာရေးဆရာတွေနဲ့ စာနယ်ဇင်းလောကသားတွေ အနေနဲ့ကတော့ လွတ်လပ်မှုနဲ့အတူ တာဝန်ယူ တာဝန်ခံမှုတွေလည်း ပိုရှိလာကြရမယ့် အခြေအနေမျိုးလည်း ဖြစ်နေတယ်လို့ စာရေးဆရာသစ္စာနီက ဆိုပါတယ်။

“၆၂ ဟိုဘက်ပိုင်းတုန်းက ဒါတွေက တင်စရာမလိုဘူး။ သိပ် စွန်းထွက်လာရင်တော့ အရေးယူတာတွေ ရှိတယ်။ နိုင်ငံရေး အစွန်းအထွက်လိုမျိုးပေါ့။ အစိုးရက သီးသန့်အရေးယူတဲ့သဘောမျိုးပဲလေ။ နောက်တခါ ညစ်ညမ်းစာပေမျိုးဆိုရင် စာအုပ်ကို သိမ်းတာတွေ။ အရေးယူတာတွေ၊ စာရေးဆရာတွေကို တရားစွဲတာတွေ ရှိပါတယ်။ ဒါက ဟိုးအရင်ကတည်းက ရှိတဲ့ဟာတွေပါ။ အဓိကကတော့ အနုပညာဖန်တီးမှုကတော့ တော်တော် လွတ်လပ်သွားပြီလို့ ထင်ပါတယ်။ ကျန်တဲ့ဟာကတော့ အခွင့်အရေးနဲ့ တာဝန်ကတော့ ဘယ်နေရာမှာမဆို တွဲနေတာပဲ။ စာရေးဆရာတွေရဲ့ ကျင့်ဝတ်၊ စာနယ်ဇင်းသမားရဲ့ ကျင့်ဝတ်တွေ သူတို့ဘက်ကလည်း ပြန်စောင့်ထိန်းဖို့ပေါ့။ အလွန်အကျွံမဖြစ်ဖို့ပေါ့။ ဒါမှလည်း ရေရှည်တည်တံ့မယ် ထင်ပါတယ်။”

လက်ရှိ အခြေအနေမှာတော့ စာပေစိစစ်ရေးကနေ အုပ်စု ၂ ထဲမှာ ကျန်ရှိနေသေးတဲ့  သတင်းဂျာနယ်၊ ဘာသာရေးဂျာနယ် မဂ္ဂဇင်း(ဂမ္ဘီရအပါအ၀င်)၊ နိုင်ငံရေးနဲ့သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ နိုင်ငံရေး ဘာသာရေးဆိုင်ရာစာမူတွေကိုတော့ ဆက်လက်စိစစ်မှုတွေကို ပြုလုပ်နေဦးမှာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013