လားရှိုးမိုင်းပေါက်ကွဲမှု အပြင်းအထန်ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
February 24, 2018

လားရှိုးမှာ မိုင်းပေါက်ကွဲပြီး အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့တာဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်စေပြီး အပြင်းအထန် ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီကျော်က လားရှိုးမြို့ ရိုးမဘဏ်နဲ့ ဧရာဝတီဘဏ်ကြားမှာ ဒေသန္တရမိုင်းတလုံးပေါက်ကွဲပြီး ရိုးမဘဏ် ဝန်ထမ်း အမျိုးသမီး ၂ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။
မိုင်းထောင်သူကိုတော့ စိစစ်ဆဲ အဖွဲ့အစည်းဖြစ်တယ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။