စစ်တွေ ဒေသန္တရ လက်လုပ်မိုင်းများ ပေါက်ကွဲခဲ့မှုဖြစ်စဉ် ရခိုင်ရဲမှူးကြီး ရှင်းလင်း (ရုပ်သံ)
DVB
·
February 24, 2018
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာဟာ ဗုံးတွေမဟုတ်ဘဲ ဒေသန္တရ လက်လုပ်မိုင်းတွေ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။
နေရာ ၃ နေရာမှာ ဒေသန္တရ လက်လုပ်မိုင်း ၃ လုံးပေါက်ကွဲခဲ့ပြီး မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးလည်း တွေ့ရှိခဲ့တာကြောင့် ဖယ်ရှားရှင်းလင်းမှုတွေ လုပ်နေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ပြည်နယ်အုပ်ချုပ်ရေးမှူး နေအိမ်အဝင်တံခါးမှာ တလုံးပေါက်ကွဲခဲ့ပြီး သံတံခါးပြုတ်ထွက်ပြီး ကားနှစ်စီးမှန်ကွဲခဲ့ပါတယ်။ ပြည်နယ်မြေစာရင်းရုံးရှေ့ပေါက်ကွဲမှုမှာတော့ လမ်းမ ပလက်ဖောင်း ပျက်စီးခဲ့ပြီး ရုံးအဆောက်အအုံ မှန်ကွဲသွားပါတယ်။ ပြည်နယ်တရားရုံး ဝင်ပေါက် ပေါက်ကွဲမှုမှာတော့ 200KVA ထရန်စဖော်မာ ၁ လုံး ပျက်စီးပြီး အဆောက်အအုံ မိုင်းစထိမှန်ခဲ့ပါတယ်။
မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံးကိုတော့ မြေစာရင်းရုံးရှေ့ လမ်းမပေါ်မှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ဒဏ်ရာရမှု ကြီးကြီးမားမား မရှိခဲ့ကြောင်းလည်း ရဲမှူးကြီးက ပြောပါတယ်။
ရဲမှူးကြီး အောင်မြတ်မိုး ရှင်းလင်းပြောကြားချက် ရုပ်သံအပြည့်စုံ ကြည့်ရှုရန်