A d v e r t i s e m e n t With Us

အကြွေးများများ ဖွံ့ဖြိုးမှုနည်းနည်းနှင့် ဒေသလုံခြုံရေး

‘ရောင်းစားသူက သခင်၊ ဝယ်စားသူက ကျွန်’ ဆိုတဲ့ တရုတ်စကားပုံတခု ရှိပါတယ်။ လူ့လောကအသိုင်းအဝိုင်းမှာ ကျင်လည်တဲ့အချိန်မှာလည်း နည်းပညာ၊ ကုန်ပစ္စည်းတွေ တခုမက ရောင်းနေရတဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေက သာနေပြီး သူများဆီက အားလုံးလိုလို လိုက်ဝယ်နေရတဲ့ လူပုဂ္ဂိုလ်၊ နိုင်ငံတွေက အခြေအနေတွေ နိမ့်ကျနေတာကို တွေ့ရပါတယ်။ ပြန်စဉ်းစားကြည့်ရင် ကျနော်တို့တွေဟာ မွေးလာကတည်းက ဝယ်လာတာများပါတယ်။ ကက်ဆက်၊ ရေဒီယို၊ ကွန်ပျူတာ၊ ဖုန်း၊ ဖိနပ်၊ အဝတ်အထည်၊ ကား၊ မီးတပ်ဆင်တဲ့ ပစ္စည်းတွေ၊ အားလုံးလိုလို ဝယ်ယူခဲ့ရပါတယ်။ ဝယ်ယူခဲ့တာတောင်မှပဲ နိုင်ငံအလိုက် ကြည့်လိုက်ရင် ကျနော်တို့ ဝယ်ယူလိုက်တဲ့ ပစ္စည်းတွေ များစွာက ကျနော်တို့နိုင်ငံက ထုတ်လုပ်တဲ့ ပစ္စည်းတွေ မဟုတ်ခဲ့ပါ။ ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားအများစု ဝယ်ယူသုံးစွဲရတဲ့ ပစ္စည်းအရေအတွက် များလေ နိုင်ငံတော်ကနေ ထွက်သွားတဲ့ ငွေပမာဏ များလေ ဖြစ်တတ်ပါတယ်။ စာရေးဆရာကြီး ပီမိုးနင်းကလည်း နိုင်ငံတနိုင်ငံသည် ခန္ဓာကိုယ်နဲ့တူတယ်လို့ နှိုင်းယှဉ်ခဲ့ဖူးပါတယ်။ ခန္ဓာကိုယ်မှာလည်း အထဲကို သွင်းထားတဲ့ အစားအစာသာ များပြီး အပြင်ကို စွန့်ထုတ်မှုနည်းရင် ဝမ်းချုပ်ရောဂါ ဖြစ်တတ်သလို ပြည်တွင်းကို ပြည်ပက ပစ္စည်းတွေကိုသာ သွင်းနိုင်ပြီး ပြည်တွင်းကနေ ပြည်ပကို ကုန်ပစ္စည်းတွေ မပို့နိုင်သောအခါ ဝမ်းချုပ်တဲ့ ခန္ဓာကိုယ်နဲ့ အလားသဏ္ဌာန်တူကြောင်း ပြပါတယ်။ ကျနော်တို့နိုင်ငံမှာလည်း ရောင်းခဲ့တာတွေတော့ ရှိပါတယ်။ သစ်တောကြီးတွေ၊ မြစ်တွေ၊ သဘာဝသယံဇာတတွေ၊ တောင်ကြီးတွေ။ ဒီလိုမျိုးတွေကြောင့်လည်း လူတစုကနေ အဆမတန် ချမ်းသာသွားကြပြီး တတိုင်းပြည်လုံးအနေနဲ့ကတော့ ချွတ်ခြုံကျခဲ့ရပါတယ်။ သူတို့ရောင်းခဲ့တာကလည်း ကုန်ချောအဆင့် မဟုတ်ဘဲ ကုန်ကြမ်းပစ္စည်းတွေကို အောက်ဈေးနှင့် ရောင်းခဲ့တာတွေသာ ဖြစ်ပါတယ်။ ဒီလိုတိုင်းပြည်ရဲ့ သဘာဝရင်းမြစ်တွေက လူတချို့က အောက်ဈေးနှင့် ရောင်းနေတဲ့အခါ တခြားနိုင်ငံက ကုန်ချောတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝယ်ယူ သုံးစွဲခဲ့ကြရပါတယ်။ ဒီလိုအကြောင်းတရားတွေကြောင့်လည်း တိုင်းပြည်ရဲ့အကြွေးတွေ များသထက် များလာပါတယ်။ မြန်မာနိုင်ငံရဲ့ အကြွေးစာရင်းတွေကို ၂၀၁၁ ကနေကြည့်ရင် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပြည်တွင်းကြွေးမြီ ကျပ် ၉၉၃၈ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၆၃၃၅ ဘီလီယံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၀၈၂၄ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၇၃၀၁ ဘီလီယံ၊ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၂၀၁၄ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၉၅၆၁ ဘီလီယံ၊ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ကြွေးမြီ ကျပ် ၁၂၄၈၇ ဘီလီယံ၊ ပြည်ပကြွေးမြီကျပ် ၉၅၄၅ ဘီလီယံ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၁၅၇၂၄ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၁၂၂၄၆ ဘီလီယံ၊ ၂၀၁၆-၂၀၁၇ ခုနှစ် ပြည်တွင်းကြွေးမြီကျပ် ၁၈၂၀ ဘီလီယံ၊ ပြည်ပကြွေးမြီ ကျပ် ၁၀၈၄၁ ဘီလီယံ၊ ၂၀၁၇-၂၀၁၈ ခုနှစ်ကနေ စက်တင်ဘာ ၃၀ ရက်ထိ ပြည်တွင်းကြွေးမြီက ၁၉၃၆၀ ကျပ်၊ ပြည်ပကြွေးမြီက ကျပ် ၁၃၁၁၃ ဘီလီယံ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါတွေကို ကြည့်လိုက်ရင် ထွက်လိုက်တဲ့ သဘာဝသယံဇာတ၊ များပြားတဲ့ မြေယာတွေ ရှိနေရက်နဲ့ ဒီလို နှစ်စဉ်နှစ်တိုင်း အကြွေးတွေ တင်နေတာက ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများမှာ ဝယ်အားသာရှိပြီး ရောင်းအားမရှိခဲ့တာကိုလည်း ဖော်ပြနေပါတယ်။ မိုဘိုင်းလ်ဖုန်း၊ အင်္ကျီ၊ နောက်ဆုံး အသီးအရွက်၊ အသားငါးတွေတောင် နိုင်ငံခြားက ပစ္စည်းတွေကို ဝယ်ယူလာနေရတာ များပါတယ်။ သားငါးတွေ၊ မြစ်ချောင်းအင်းအိုင်တွေ ရှိနေပါလျက်နဲ့ ငါးသေတ္တာစက်ရုံတောင် ကောင်းကောင်းမရှိနိုင်တဲ့ အနေအထားပါ။ လုပ်ကိုင်ရတဲ့ ဝင်ငွေတခုတည်းအပေါ်မှာသာ မှီခိုနေရပြီး တခြား လိုအပ်သမျှကို ဈေးကြီးကြီးနှင့် ဝယ်ယူနေရတဲ့အခါ လူတဦးချင်းစီရဲ့ ဝင်ငွေတွေကလည်း ပြည်ပကို များစွာ စီးဆင်းနေပါတယ်။ အမေရိကန်သူဌေးကြီးတဦးဖြစ်သူ ဝေါရင့်ဘတ်ဖတ်ရဲ့ ပြောစကားတခု ရှိပါတယ်။ ဝင်ငွေတခုတည်းအပေါ်မှာ မမှီခိုနဲ့ဆိုတဲ့ စကားပါ။ ခုတော့လည်း ဝင်ငွေတခုတည်းပေါ်မှာ မှီခိုဖို့ နေနေသာသာ စက်ရုံ၊ အလုပ်ရုံတွေတောင် နေရာတိုင်းမှာ မရှိလို့ ပြည်ပကို ရွှေ့ပြောင်းလုပ်သားအဖြစ် လုပ်ကိုင်သွားနေကြတာ အများကြီးပါ။ အခုထိလည်း နိုင်ငံတော်က ရွှေ့ပြောင်းလုပ်သားတွေကို ပြည်ထဲကိုရောက်အောင် မစွမ်းဆောင်နိုင်သေးပါဘူး။ ကျနော်တို့ ရခိုင်ဒေသမှာဆိုရင် မြို့နယ်တိုင်းက ရွာတိုင်းလိုလိုမှာပဲ ပြည်ပကိုသွားပြီး အလုပ်လုပ်ကိုင်နေတဲ့သူတွေ ရှိနေပါတယ်။ ပွဲစားတချို့ရဲ့ ခန့်မှန်းခြေက တနေ့မှာ လူသုံးရာနီးပါးလောက် ပြည်ပကို သွားနေကြတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲက တချို့ဆိုရင် ရန်ကုန်က စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြပါတယ်။ ဒီထက်ဝင်ငွေများများ ရချင်တဲ့သူတွေကတေ့ မလေး၊ ထိုင်း၊ တရုတ် စတဲ့နိုင်ငံတွေကို အဓိကသွားပြီး လုပ်ကိုင်နေကြပါတယ်။ ဒေသတွင်း စက်ရုံ၊ အလုပ်ရုံတွေ မရှိတဲ့အခါ ရခိုင်လူဦးရေနည်းတဲ့ ဘူးသီးတောင်၊ မောင်တောဒေသက လူတွေတောင် ပြည်ပကို သွားရောက် လုပ်ကိုင်နေကြရတဲ့အခါ ပထဝီနိုင်ငံရေးအရ အားနည်းချက်တွေ ရှိလာပါတယ်။ နောက်ပြီး မြေယာတွေမှာ အလုပ်သမားတွေ နည်းလာတဲ့အတွက် အသီးအရွက်တွေကိုတောင် မစိုက်ပျိုးနိုင်တော့ပါဘူး။ မိရိုးဖလာ တောမှာ နေထိုင်တဲ့သူတွေက ရန်ကုန်က စီးဆင်းလာတဲ့ အသီးအရွက်တွေကို ဝယ်ယူနေရတဲ့ အနေအထားကို ရောက်နေပါတယ်။ ဒါဟာ လယ်ယာလုပ်ငန်းခွင်ကို ဝင်လုပ်မည့်လူ မရှိတာ၊ လူနည်းနည်းနှင့် လယ်ယာလုပ်ငန်းခွင်ထဲကို သွားပြီး မလုပ်ကိုင်ရဲတာနဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။ ဒီလိုမျိုး မိမိတို့ဒေသမှာ စိုက်ပျိုးမှုမရှိတဲ့အခါ၊ သားငါးတွေ မရှာရဲတဲ့အခါမှာ ပြည်ပက သားသမီးတွေဆီက ပို့ပေးတဲ့ပိုက်ဆံနဲ့ ရောင်းသမျှကို ဝယ်စားဖြစ်ကုန်ကြပါတယ်။ ပြည်ပကို သွားတဲ့သူတွေ အနေနဲ့လည်း စားဝတ်နေရေး တခုထက်ပိုပြီး မစွမ်းဆောင်နိုင်သလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအနေနှင့် ဒါတွေကို သတိပြုမိပြီး အလေးထား ဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တိုးတက်မှုက တိုင်းသူပြည်သား အများစုက ထုတ်ကုန်လုပ်နိုင်စွမ်းနဲ့ အများကြီး သက်ဆိုင်ပါတယ်။ အခုအနေအထားတွေက ပြည်ပမှာသွားပြီး အလုပ်လုပ်၊ ရတဲ့ပိုက်ဆံကို အိမ်ကိုပို့၊ အိမ်ကလူတွေက စားဝတ်နေရေးမှာတင် အသုံးချပြီး ကုန်သွားရင် အနာဂတ်ဘဝအတွက် လုံခြုံမှုတွေ ပျောက်ဆုံးပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ပုဏ္ဏားကျွန်း စက်မှုဇုန် တည်ဆောက်ပေးမယ်ဆိုပြီး လုပ်ခဲ့ပါသေးတယ်။ တချို့လည်း တကယ်ဖြစ်မယ်ထင်ပြီး မြေကွက်တွေ သွားဝယ်။ နောက်ဆုံးတော့ မြေကွက်တွေသာ ဈေးတက်သွားပြီး အနီးပတ်ဝန်းကျင်က လူတွေ လက်လှမ်းမမီတဲ့ ဈေးတွေ ဖြစ်ကုန်ပါတယ်။ ခုထိလည်း တခြား ဘာသံမှ ထပ်မကြားသေးပါဘူး။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့က ချေးယူခဲ့ရသော ပြည်တွင်း၊ ပြည်ပ ချေးငွေ နှစ်ရပ်စလုံးက ကျပ် ၇၅၉၃ ဘီလီယံ ချေးယူခဲ့ပြီး ပြည်တွင်း ချေးငွေကိုတော့ ၄၈၃၉ ဒသမ ၁ ဘီလီယံအထိ ပြန်လည်ပေးဆပ်ခဲ့တယ်လို့ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီလို ချေးယူခဲ့တဲ့ ငွေပမာဏက အမေရိကန်ဒေါ်လာ သန်း ၁၇၀၀ ကျော်ရှိပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများဆုံး ချေးယူထားခဲ့ကြောင်း သိရပါတယ်။ တကယ်တမ်း လက်တွေ့အနေအထားမှာက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတွေက ချေးငွေပမာဏ အများကြီး သုံးခဲ့တာတောင် လျှပ်စစ်နပ်မမှန်တဲ့ ဒေသတွေ အများကြီး ရှိပါသေးတယ်။ ရခိုင်ပြည်မှာဆိုရင် မြို့နယ် ၁၇ မြို့နယ်လုံး ၂၄ နာရီ မီးပုံမှန်မလာသေးပါဘူး။ တခြား မြန်မာနိုင်ငံရဲ့ ဒေသအတော်များများမှာလည်း မီးက ပုံမှန်မရရှိသေးတာကို နိုင်ငံတော်အစိုးရလည်း သိနေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ဒေသဖြစ်တဲ့ မောင်တောခရိုင်မှာဆိုရင်လည်း ခုထိ ၂၄ နာရီ မီးပုံမှန်မရသေးပါဘူး။ ရွာအတော်များများမှာ ကိုယ်ထူကိုယ်ထ ဝယ်ယူထားတဲ့ ဆိုလာပြားတွေကို သုံးစွဲနေကြရပါသေးတယ်။ ဒါတွေကလည်း အစိုးရက စီမံမှုမပေးနိုင်သေးတဲ့အခါ ပြည်သူတွေအတွက် ထပ်မံကုန်ကျရတဲ့ စရိတ်အပိုတခုပါ။ နောက် အကြမ်းဖက်သမားတွေကလည်း ဒီလိုမျိုး မီးထိန်ထိန်မလင်းတဲ့အခါ မှောင်ရိပ်ခိုပြီး အကြမ်းဖက်လုပ်ရပ်တွေကို ပိုလုပ်နိုင်ပါတယ်။ မီးမရှိ၊ အရေးကြီးတဲ့ လမ်းကွေ့တွေမှာ စီစီတီဗွီ တပ်မထားတဲ့အတွက် မိုင်းထောင်မှုတို့ကို ခဏခဏ လုပ်နိုင်ကြပါတယ်။ ရခိုင်ဒေသနည်းတူ ရှမ်းနယ်စပ်တွေ၊ ကချင်နယ်စပ်တွေမှာ ဖြစ်နေတဲ့ ပြဿနာတွေကလည်း ခုလို မဖွံ့ဖြိုးမှုကို အကြောင်းပြုပြီး ဒေသလုံခြုံရေးကို ခြိမ်းခြောက်လာနေတာ တွေ့ရပါတယ်။ ကျောင်းကောင်းကောင်းမရှိဘူး။ မူးယစ်ဆေးဝါးတွေက နေရာတိုင်းမှာလို ရနိုင်တယ်။ လမ်းကောင်းကောင်းမရှိဘူး။ လျှပ်စစ်မီး မရှိဘူး။ အကြမ်းဖက်ဖို့ဟာ လွယ်လှပါတယ်။ ရန်ကုန်မြို့လို နေရာတွေမှာတောင် နေရာတိုင်းမှာ စီစီတီဗွီတို့ မရှိဘူး။ တချို့ မြို့စွန်ရပ်ကွက်တွေမှာဆိုရင် လျှပ်စစ်မီး မမှန်ဘူး။ ဒါတွေကို ကြည့်လိုက်ရင် နိုင်ငံတော်ကလည်း ကြွေးမြီများများ၊ ဒေသကလည်း ဖွံ့ဖြိုးမှု နည်းတဲ့အခါ မလိုလားအပ်တဲ့ အန္တရာယ်တွေဟာ မကြာမကြာ ဖြစ်နေတယ် ဆိုတာကို တွေ့ရပါတယ်။ ဒါတွေဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နေတဲ့ အနေအထားတွေပါပဲ။ ကျော်လင်း

A d v e r t i s e m e n t With Us

More News
Up