A d v e r t i s e m e n t With Us

အာဂျင်တီးနားနိုင်ငံ ရုရှားသံရုံးထဲတွင် ကိုကင်း ကီလို ၄၀၀ ခန့် ဖမ်းမိ

ဓာတ်ပုံ - ရိုက်တာ
အာဂျင်တီးနားနိုင်ငံရဲ့ မြို့တော် ဗျူနိုအေရီးစ်က ရုရှားသံရုံးထဲကနေ ကိုကင်း ကီလို ၄၀၀ နီးပါးကို ရဲတွေက သိမ်းဆည်းရမိပြီး မူးယစ်ကုန်ကူးဂိုဏ်းဝင် အတော်များများကို ဖမ်းခဲ့တယ်လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီးက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။ ခရီးဆောင်အိတ်ကို သယ်လာတဲ့နေရာမှာ ကြီးကြပ်သူလို့ သံသယရှိသူ ရုရှား သံတမန်ရေးရာ အရာရှိဟောင်း ရုရှား-အာဂျင်တီးနားကပြား အလက်ဇန္ဒား ချီကာလိုနဲ့ အိတ်ကို အကောက်ခွန်ကနေ လွတ်အောင် စီစဉ်ပေးခဲ့တဲ့ အာဂျင်တီးနား ရဲအရာရှိ အိုင်ဗန် ဘရစ်ဇ်နီး ယပ်စ်တို့ကို အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဖမ်းခဲ့ပါတယ်။ “ဒီမူးယစ်ဆေးတွေဟာ ပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၅၀ တန်တယ်၊ မူးယစ်ရာဇဝတ်ဂိုဏ်းဟာ ဥရောပထဲကို မူးယစ်ဆေးတွေသွင်းဖို့ ရုရှားသံရုံးရဲ့ သံတမန် ဝန်ဆောင်မှုကို သုံးဖို့ ကြိုးစားခဲ့တယ်” လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးရစ်ခ်ျက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သံရုံးကို လိပ်မူထားတဲ့ အိတ်တလုံးကို ကျောင်းတကျောင်းမှာ တွေ့ရှိတာကြောင့် သံသယရှိတယ်လို့ ရုရှားသံအမတ်ကြီးနဲ့ ရုရှပြည်ထောင်စုလုံခြုံရေးဌာန အဖွဲ့ဝင် ၃ ယောက်က အကြောင်းကြားခဲ့တာပါ။ အိတ်ထဲမှာ ကိုကင်းတွေကို တွေ့အပြီး ရုရှားနဲ့ အာဂျင်တီးနားရဲတွေက မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုကင်းတွေနေရာမှာ ဂျုံမှုန့်တွေနဲ့ လဲယူထားပြီးနောက် ခရီးဆောင်အိတ်မှာ GPS နေရာ ထောက်လှမ်းမှုစနစ်ကို တပ်ဆင်ပြီး သယ်ယူပို့ဆောင်မှုကို နောက်ယောင်ခံလိုက်ခဲ့တယ်လို့ အာဂျင်တီးနား လုံခြုံရေးဝန်ကြီးက ဆက်ပြောပါတယ်။ အဲဒီနောက် အာဂျင်တီးနားနိုင်ငံသား ၂ ယောက်နဲ့ ရုရှားနိုင်ငံသား ၃ ယောက်ကို ဖမ်းခဲ့ပါတယ်။ ကိုကင်းတွေကို နောက်ကွယ်က စီစဉ်သူလို့ သံသယရှိသူ နေထိုင်ရာ ဂျာမနီနိုင်ငံဆီပို့ဖို့ သတ်မှတ်ထားပြီး ဂျာမန်ရဲတွေက ဝရမ်းပြေးကို ဖမ်းလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ဘူးရစ်ခ်ျက ဆိုပါတယ်။ ဒီကိုကင်းတွေဟာ ကိုလံဘီယာ ဒါမှမဟုတ် ပီရူးနိုင်ငံက လာတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ယုံကြည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up