A d v e r t i s e m e n t With Us

ဟိုတယ်ခရီး​နှင့်​ ပတ်သက်သည့်​ သတင်း​များ​ လွတ်လပ်စွာ​ရေး​သား​နိုင်

ဟိုတယ်ခရီး​ဝန်ကြီး​ဌာနနဲ့​ ပတ်သက်တဲ့​ သတင်း​တွေ လွတ်လွတ်လပ်လပ် ​ရေး​သား​ နိုင်​ကြောင်း​နဲ့​ သိလိုတာ​တွေရှိရင်လည်း​ ဆက်သွယ်​မေး​မြန်း​ဖို့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ထား​ရှိ​ပေး​တယ်လို့​ သိရပါတယ်။ ​နေပြည်​တော်မှာ ​မေ ၁၆ ရက်က ကျင်း​ပပြုလုပ်ခဲ့​တဲ့​ ဟိုတယ်ခရီး​ ဝန်ကြီး​ဌာနရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ အခုလိုထုတ်​ဖော် ​ပြောကြား​လိုက်တာပါ။ သတင်း​စာရှင်း​လင်း​ပွဲမှာ အဓိကထား​ ရှင်း​လင်း​ပြောကြား​ခဲ့​တာ​တွေကို ဟိုတယ်ခရီး​ဝန်ကြီး​ဌာနရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ သတင်း​အချက်အလက်နဲ့​ မှတ်တမ်း​ဌာနညွှန်ကြား​ရေး​မှူး​ ဦး​မိုး​ဇော်ထွဋ်က အခုလို ​ပြောပြပါတယ်။ “လက်ရှိဝန်ကြီး​ဌာနလုပ်​ဆောင်ချက်​တွေအ​ပေါ်မှာ တချို့​ဂျာနယ်​တွေက ​ရေး​နေကြတာ လွဲသွား​မှာစိုး​လို့​ ကျ​နော်တို့​ လုပ်​နေတဲ့​ လမ်း​ကြောင်း​လေး​ကို ဂိုက်လိုင်း​ပြတာပါ။ ဥပမာ- ကန့်​သတ်နယ်​မြေ​ဖြေ​လျှော့​မှု ကိစ္စ​ပေါ့​။ ဘယ်လိုများ​ ဝန်ကြီး​ဌာနက လုပ်ပါသလဲ.၊​ ကန့်​သတ်နယ်​မြေက တကယ့်​ တကယ်က ပြည်ထဲ​ရေး​က သတ်မှတ်ထား​တာပါ။ ကန့်​သတ်နယ်​မြေထဲမှာ မပါတဲ့​ တချို့​ ချင်း​ပြည်နယ်က ​နေရာ​တွေ၊​ ကယား​ပြည်နယ်က ပ​ဒေါင်​ကျေး​ရွာ၊​ စစ်ကိုင်း​တိုင်း​က ရိဒ်​ရေအိုင် ​နေရာမျိုး​တချို့​တွေ၊​ ဒီ​နေရာ​တွေကို ကျ​နော်တို့​ဆီကို တင်ပြလို့​ရှိရင် ကျ​နော်တို့​က ကြိုတင်ခွင့်​ပြုချက်ကို တင်ပြ​တောင်း​ခံပြီး​တော့​ ​ဆောင်ရွက်​ပေး​လို့​ရတယ်ဆိုတာမျိုး​တွေ ​ပြောတာပါ။” ဒါ့​အပြင် တချို့​ဂျာနယ်​တွေမှာ ​ရေး​သား​ဖော်ပြ​နေကြသလို ဟိုတယ်ပြုပြင်တည်​ဆောက်ဖို့​ ဝန်ကြီး​ဌာနက ​ငွေထုတ်​ချေး​ပေး​မယ်ဆိုတာ မဟုတ်တဲ့​အ​ကြောင်း​၊​ ဟိုတယ်လုပ်ငန်း​လိုင်စင် ရှိသူ​တွေအ​နေနဲ့​ ​ငွေ​ချေး​လိုရင် ဝန်ကြီး​ဌာနအ​နေနဲ့​ ​ထောက်ခံ​ပေး​မယ်ဆိုတာသာ ဖြစ်တဲ့​အ​ကြောင်း​လည်း​ ရှင်း​ပြခဲ့​တယ်လို့​ ​ပြောပါတယ်။ သတင်း​စာရှင်း​လင်း​ပွဲကို ဟိုတယ်ခရီး​ဝန်ကြီး​နဲ့​ ဆက်စပ်ဝန်ကြီး​ဌာန​တွေက တာဝန်ရှိသူ​တွေ တက်​ရောက် ရှင်း​လင်း​ပြောကြား​ခဲ့​ပြီး​၊​ ဟိုတယ်ခရီး​ဝန်ကြီး​ဌာနနဲ့​ ပတ်သက်ပြီး​ သိလိုတာ​တွေရှိရင် ဝန်ကြီး​ဌာနရဲ့​ ဝက်ဘ်ဆိုဒ်မှာ ဝင်​ရောက်ဖတ်ရှုနိုင်သလို၊​ ဦး​မိုး​ဇော်ထွဋ်၊​ ညွှန်ကြား​ရေး​မှူး​ထံ ဆက်သွယ်​မေး​မြန်း​နိုင်​ကြောင်း​လည်း​ တက်​ရောက်လာတဲ့​ သတင်း​သမား​တွေကို အသိ​ပေး​ပြောကြား​ခဲ့​ပါတယ်။ ဒါဟာ အစိုး​ရသစ်လက်ထက် ဟိုတယ်ခရီး​ဝန်ကြီး​ဌာနရဲ့​ ပထမဆုံး​ပြုလုပ်တဲ့​ သတင်း​စာရှင်း​လင်း​ပွဲလည်း​ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up