ကချင်ရွာတွင် ညမထွက်ရအမိန့် ထုတ်ပြန်
DVB
·
May 16, 2012
ကချင်ပြည်နယ် နမ္မတီးမြို့နားက လမ်းဝရွာကို ပြီးခဲ့တဲ့ အပတ်ကတည်းက ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ နမ္မတီး ဒေသခံတဦးက ပြောပါတယ်။
“စစ်တပ်ကနေပြီးတော့ ညမထွက်ရအမိန့် ထုတ်ထားတယ်။ ဂနာရီခွဲ ၉နာရီလောက်ဆို ကိုယ့်အိမ်ကိုယ်ပြန်ပေါ့။ ဘယ်မှထွက်လို့မရဘူး။ သူတို့ယူဆနေကြတာက ဒီရွာထဲကနေ မိုင်းတွေ ဗုံးတွေထွက်တယ်လို့ ယူဆနေကြတာ။”
အဲဒီရွာကြီးမှာ ကချင်လူမျိုး အများဆုံး နေထိုင်တာဖြစ်ပြီး လူဦးရေ ၁ ထောင်ဝန်းကျင်လောက် ရှိတဲ့ရွာ ဖြစ်ပါတယ်။
နမ္မတီးမြို့နယ်မှာ ရှိတဲ့ ရွာတွေ၊ ရပ်ကွက်တွေထဲကမှ အဲဒီရွာတရွာကိုပဲ ညမထွက်ရအမိန့် ထုတ်လိုက်တာ ဖြစ်ပြီး ကျန်တဲ့နေရာတွေမှာတော့ အမိန့်ထုတ်တာ မရှိသေးပါဘူး။ အခုရက်ပိုင်းမှာလည်း နမ္မတီးဒွန်းဘုံ တနိုင်းလမ်းမကြီးပေါ်မှာ အစိုးရတပ်နဲ့ ကေအိုင်အေတပ်ဖွဲ့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားကြောင်းကိုလည်း ဒေသခံတဦးက အခုလိုပြောပါတယ်။
“ဒီရက်ပိုင်း နမ္မတီး၊ ဒွန်းဘုံ၊ လက်ဝါးကြားမှာ အဆက်မပြတ်ဘဲ တိုက်ပွဲငယ်လေးတွေ ဖြစ်နေကြတာ။ ဒီ ၄၊ ၅ ရက် အတောအတွင်း တနိုင်းလမ်းမကြီးပေါ်မှာတော့ တိုက်ပွဲအတော်စိပ်တယ်။ နေ့တိုင်းနီးပါးလောက် ဖြစ်နေတယ်။”
တခြားနေရာတွေ ကန့်သတ်တာ မလုပ်ဘဲ ကချင်လူမျိုး အများစု နေထိုင်တဲ့ ရွာတရွာတည်းကို ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းဟာ အစိုးရက ကချင်ဆိုရင် ကေအိုင်အေဘက်ကလို့ ထင်မှတ်နေတာကြောင့် ဖြစ်နိုင်ကြောင်း နမ္မတီးဒေသခံတွေက ခန့်မှန်း ပြောဆိုနေကြပါတယ်။