အငှားယာဉ်မောင်းက ဓားဖြင့်မွှမ်း လုယက်ကြောင်း လုပ်ကြံတိုင်ကြားသည့် အမျိုးသမီးအား ဖမ်းဆီး

ဓာတ်ပုံ - ဘန်ကောက်ပို့စ်
ထိုင်းနိုင်ငံမှာ အငှားယာဉ်မောင်း အမျိုးသားက ဘလိတ်ဓားနဲ့မွှမ်းပြီး တိုက်ခိုက်ကာ ပါလာတဲ့ပစ္စည်းတွေကို ဓားပြတိုက် လုယက်ခဲ့တယ်ဆိုပြီး ရဲစခန်းမှာ လုပ်ကြံတိုင်ကြားခဲ့တဲ့ အမျိုးသမီးတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် သွန်ပါခိုင် ဆွတ်ခ်ဆီရိရတ်တ် အမည်ရတဲ့ အမျိုးသမီးဟာ ဒီကနေ့မနက်ခင်း အစောပိုင်း အရက်ဘားတခုက အပြန်မှာ ကားတစီးကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ မနက်ခင်း ၃ နာရီမှာ ကားငှားရမ်းခဲ့ပြီး အငှားယာဉ်မောင်းက သူ့ကို ဘလိတ်ဓားနဲ့မွှမ်းကာ မှတ်ပုံတင်၊ အေတီအမ်ကတ်တွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်နဲ့ ငွေသားဘတ်ငွေ ၁၄၀၀၀ ကို ဓားပြတိုက်ခဲ့တယ်ဆိုပြီး ရဲစခန်းမှာ တိုင်ကြားခဲ့တာပါ။ သူဟာ သူငယ်ချင်းတဦးနဲ့အတူ ဘန်ကပိရဲစခန်းကို ပြတ်ရှဒဏ်ရာတွေမှာ သွေးသံအလိမ်းလိမ်းနဲ့ ရောက်ရှိလာခဲ့ပြီး တိုင်ကြားခဲ့ပေမယ့် ရဲတွေက သံသယရှိခဲ့ကြပြီး စစ်ဆေးချိန်မှာ အဖြစ်မှန် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ရက်ခ်ျဒါဖီဆက်ခ်ျလမ်းမပေါ်က အရက်ဘားတခုကနေ သူနေထိုင်ရာ ဆီရိထိုင်းလမ်းမပေါ်က နေအိမ်ဆီ ကားငှားခဲ့တာဖြစ်ပြီး လမ်းကြောင်းတလျှောက် တိုက်ရိုက်မောင်းနှင်သွားရတဲ့ ခရီးဖြစ်ကာ စီစီတီဗွီကင်မရာထဲမှာ သံသယဖြစ်ဖွယ် တစုံတရာ မတွေ့ခဲ့ရပါဘူး။ သူဟာ အဆောက်အအုံတခုထဲကို ဝင်ရောက်သွားခဲ့တာကို ရုပ်သံထဲမှာ တွေ့ရပြီး ပြန်ထွက်လာတာကို ရဲတွေက စစ်ဆေးတွေ့ရှိခဲ့ကာ မိနစ် ၃၀ လောက်အကြာမှာတော့ သူငယ်ချင်းတဦး ရောက်လာခဲ့တာပါ။ လက်ရှိမှာတော့ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးရုံမှာ စစ်ချက်ရယူသွားမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ရဲစခန်းဆီ လိမ်လည်တိုင်ကြားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်ပါတယ်။ အမျိုးသမီးက သူ့မှာ အကြွေး ဘတ်ငွေ ၁ သိန်းလောက် တင်ရှိနေတဲ့အတွက် ခုလိုလုပ်ခဲ့တာလို့လည်း ဝန်ခံထွက်ဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up