DVB Logo
Home
မြန်မာသတင်း
လယ်မြေသိမ်းမှုများကြောင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်မှန်းချက် ထိခိုက်နိုင်
DVB
·
May 16, 2012
လယ်မြေသိမ်းမှုများကြောင့် ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်မှန်းချက် ထိခိုက်နိုင်
Donate to DVB

မြန်မာပြည်အနှံ့အပြားမှာ အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတွေရဲ့ လယ်သိမ်းမြေသိမ်းမှုသတင်းတွေ အဆက်မပြတ် ကြားနေရပါတယ်။

လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကတော့ ဒီလို မြေသိမ်းမှုတွေကြောင့်  ဆင်းရဲ ဒုက္ခရောက်ရသူ ပိုများလာနေပြီး  မြန်မာသမ္မတ ဦးသိန်းစိန်အစိုးရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်မှန်းချက်ကို ထိခိုက်နိုင်တယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ  လယ်သိမ်းမြေသိမ်းမှုတွေ ကြောင့် လယ်ယာမြေကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်း စိုက်ပျိုး လုပ်ကိုင်စားနေသူတွေအတွက် ဆင်းရဲတွင်း ပိုနက်စေပြီး ဒါဟာ သမ္မတဦးသိန်းစိန် အစိုးရရဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေး ရည်မှန်းချက်ကို ထိခိုက်နိုင်တယ်လို့ လယ်ယာမြေသိမ်းခံရသူတွေရဲ့ အရေး ကူညီဆောင်ရွက်ပေးနေသူတွေက သတိပေး ပြောကြားလိုက်ပါတယ်။

အစိုးရရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို အကြောင်းပြုပြီး ကုမ္ပဏီတွေနဲ့ ငွေရှင်ကြေးရှင်တွေက လယ်သမားတွေ ရဲ့ မြေယာတွေ သိမ်းခံရမှုတွေဟာ ယခင် စစ်အစိုးရ လက်ထက်ကတည်းက ခုချိန်ထိ  နိုင်ငံအနှံ့ ဆက်လက် ဖြစ်ပွားနေတာပါ။

ဒီလို လယ်မြေသိမ်းခံရလို့ ဆင်းရဲဒုက္ခရောက်ရတဲ့ မိသားစုပေါင်း မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်လောက်ရှိမယ် မခန့်မှန်းနိုင်ပေမယ့် ရန်ကုန်တိုင်းဒေသကြီးတခုတည်း လူပေါင်း သောင်းနဲ့ချီ ရှိနိုင်မယ်လို့ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့  ရှေ့နေ  ဦးဖိုးဖြူက ပြောပါတယ်။

“ဒဂုံရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်မှာ ရှိတဲ့ ဧကပေါင်း ၁ သောင်းကျော်၊ မိသားစုပေါင်း ၁ သောင်းကျော်၊ တောင်သူ လယ်သမားပေါင်း ၁ သောင်းကျော် ဆင်းရဲဒုက္ခရောက်ပြီး လယ်သိမ်းခံရတဲ့ ကိစ္စရပ်တွေ အတွက်ကိုတောင် အကောင်အထည်ဖော်ပေးနိုင် တာ ဖြေရှင်းပေးနိုင် တာ မရှိပါဘူး။ အရေအတွက် အနေနဲ့တော့ ကျနော်တို့ ခန့်မှန်းဖို့ ခက် တယ်။ တောင်သူလယ်သမား တယောက်ရဲ့ လက်အောက်မှာ မှီခိုစားသောက်နေတဲ့ မိသားစုဝင်က အနိမ့်ဆုံး ၁၀ ဦးရှိတယ်။ ဒါကြောင့် သူ့ကို ရေတွက်ဖို့အတွက် ခဲယဉ်းတယ်။ သို့သော် ၁၇ သန်းကျော် ဧကကို ပြော တာ ပါ။ မြန်မာ တနိုင်ငံလုံးမှာ လယ်ယာမြေတွေကို အတင်းအဓမ္မ ဥပဒေမဲ့ သိမ်းဆည်းခြင်းကို ခံရပြီလို့ ကျနော်တို့ ပညာရှင်များ စစ်တမ်းအရ သိရှိထားပါတယ်။”

အလားတူ ရှမ်းပြည်နယ်ထဲက စိုက်ပျိုးမြေသိမ်းခံရသူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းစံမင်း ကလည်း မြေသိမ်းမှုကြောင့် တိုင်းရင်းသားတွေကို ဆင်းရဲတွင်း ပိုမိုနက်လာစေတယ် လို့ ပြောပါတယ်။

“ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလို့ ပြောပေမယ့်လည်း ပြည်သူတွေ လက်ရှိ ခံစားနေရတာကတော့ တနေ့ထက် တနေ့ ပိုဆိုးလာတာပေါ့နော်။ လယ်ယာမြေ သိမ်းတဲ့ ကိစ္စက ကျနော်တို့ ရှမ်းပြည်နယ်တင် မကဘူးလေ။ ပြည်မမှာလည်း အဲဒီလိုပဲ ကြားနေရတာပေါ့နော်။ ဒီလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ဒီဆင်းရဲနွမ်းပါးမှု လျှော့ချရေးကတော့ ပြည်သူလူထုအတွက် သိပ်တော့ အကျိုးသက်ရောက်မယ် မထင်ဘူးပေါ့လေ။ ကျနော်ထင်တာတော့ ပိုပြီးတော့ ဒုက္ခဆင်းရဲတွင်း ရောက်သွားတဲ့ ပုံစံ ဖြစ်နေ တယ်။”

ထားဝယ်ဒေသက မြေယာသိမ်းမှုတွေကို သွားရောက်လေ့လာနေတဲ့ ဦးဟန်ရှင်ဝင်း ကတော့ တနင်္သာရီတိုင်း အတွင်းမှာလည်း လယ်မြေသိမ်းမှုခံရမှုတွေ အများအပြား ရှိနေတဲ့အကြောင်းနဲ့ ဒါတွေကို ရပ်တန့်အောင် ဆောင်ရွက်နိုင်မှ ဆင်းရဲမွဲတေမှု ပပျောက်ရေးကို အထောက်အကူပြုရာ ရောက်မယ် လို့ ပြောပါတယ်။

“အားလုံးရဲ့ ပြဿနာက လယ်သိမ်း၊ မြေသိမ်း၊ လယ်ယာမဲ့ မြေယာမဲ့ မတရားဖယ်ထုတ်ခံရမှုတွေ ချည်းပဲ တော်တော်များပါတယ်ဗျ။ လုပ်ကိုင်ခွင့်လည်း ပေးသင့်ပါတယ်ဗျာ။ နောက်ပြီးတော့လည်း သူတို့တွေမှာ ချို့တဲ့နေတဲ့ အရင်းနှီးကို ရစေဖို့အတွက် လယ်ယာမြေကို အခုလို မှတ်ပုံတင်ဘဝကနေပြီးတော့ ဂရမ်သဘောမျိုး အာနိသင်ရှိ တဲ့ ကြိုက်ဈေးခေါ်ပြီးတော့ ရောင်း ခွင့်ပေါ့ ဈေးကွက်ပေါက်ဈေး နဲ့ အညီရောင်းချခွင့် အပါအဝင် ပေါ့လေ။ သီးနှံလွတ်လပ်စွာ စိုက်ပျိုးခွင့် အပါအဝင် လုပ်ပေးလိုက်မယ်ဆိုရင် ဆင်းရဲမှု ပပျောက်မှုကို အထောက်ကူပြုရာဖြစ်တဲ့ အပြင် များစွာ အရှိန်အဟုန်နဲ့ ကျနော်တို့ရဲ့ မြေယာစီးပွားရေးဟာ ရှေ့ကို တဟုန်ထိုးကို တိုးတက်သွားမယ် လို့ ကျနော် ထင်ပါတယ်ဗျာ။”

လယ်ယာမြေသိမ်းခံရမှု အများစုဟာ အရင်အစိုးရဟောင်း လက်ထက် ကတည်းက ဆက်လက်ဖြစ်ပွားနေ တဲ့ အမှုအခင်းတွေများပြီး အသစ် ထပ်မံသိမ်းယူမှုကတော့ အနည်းအကျဉ်းပဲ ရှိတယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် လယ်သိမ်းမှုတွေ ရပ်တန့်သွားအောင် အစိုးရမှာရော နိုင်ငံရေး ပါတီတွေရော မြေသိမ်းယာသိ မ်းတဲ့ ငွေရှင်ကြေးရှင်တွေမှာပါ တာဝန်ရှိတယ်လို့ လယ်သမား အရေး ဆောင်ရွက်နေတဲ့ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေး ပါတီ ခေါင်းဆောင် ဦးနေမျိုးဝေက ပြောပါတယ်။

“လက်ရှိ ဆက်သိမ်းနေမယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အားနည်းတာပဲဗျ။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ရမယ်။ နောက်ပြီးတော့ ဒါ သမ္မတပြောတဲ့ လုပ်ငန်းနဲ့လည်း ဒါ လွဲတယ်။ အဲဒါဆိုရင် လွဲတယ်၊ အဲဒါဆိုရင် သမ္မတကိုလည်း ဝေဖန်ရမယ်။ ဘာကြောင့်လဲဆိုရင် သမ္မတက ဒီ အုပ်ချုပ်ရေး ယန္တရားရဲ့ အကြီးအကဲ ဖြစ်တာကိုး။ ဖြစ်တော့ အုပ်ချုပ်ရေးယန္တရား မပါဘဲနဲ့ ဒါတွေက သိမ်းလို့ မရဘူး။ အဲဒီတော့ အုပ်ချုပ်ရေး ယန္တရားတွေက တာဝန်ပျက်ကွက်ရင် သမ္မတက တာဝန်ခံရတယ်။”

လက်ရှိမြန်မာနိုင်ငံမှာ ဆင်းရဲသား လယ်သမားတွေရဲ့ မြေယာတွေကို သိမ်းယူသူတွေဟာ သိန်းထောင်ပေါင်း များစွာ ချမ်းသာကြွယ်ဝတဲ့ ကုမ္ပဏီကြီးတွေနဲ့ ငွေရှင်ကြေးရှင်တွေ ဖြစ်ပါတယ်။ ဒီလုပ်ငန်းရှင်တွေဟာ လူမှုရေးလုပ်ငန်းတွေမှာ သိန်းပေါင်းများစွာ လှူဒါန်းမှုတွေ တဖက်မှာပြုလုပ်နေပြီး၊ တဖက်မှာ ဆင်းရဲသားတွေရဲ့ မြေယာတွေကို သိမ်းယူမှု ပြုလုပ်နေတာနဲ့ ပတ်သက်ပြီးလည်း ဦးနေမျိုးဝေ က ခုလို မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။

“လှူတယ်ဆိုတာ တချို့က ကိုယ့်ရဲ့ ချွေးနဲစာလေးထဲကနေ လှူကြတာ။ အဲဒီလူတွေ လှူတယ်ဆိုတာကလည်း နည်းနည်းပါးပါးပေါ့ဗျာ။ မြေသိမ်းတယ် ဆိုတဲ့ လူကြီးတွေက ပိုတောင် လှူသေးတယ်ဗျ။ မြန်မာနိုင်ငံမှာ သိန်း ၃၀၀ တို့ဘာတို့။ ဒါပေမယ့် သူတို့လှူတယ်ဆိုတာကျတော့ ချွေးနဲစာနဲ့ လှူတာ မဟုတ်တော့ဘူး။ ဘယ်ဘက်က တဆုတ်ကြဲပြီး ညာဘက်က တလှည်းဝင်းဖို့ လှူတာတွေ ဖြစ်နေတယ်ဗျ။ မလှူပါနဲ့ လှူစရာမလိုပါဘူး။ ကိုယ့်ပိုက်ဆံကို ကိုယ်စားပါ။ ကျနော် ပြောချင်တာကတော့ အဲဒီလို သူဌေးကြီးတွေ။ မလှူပါနဲ့ သူများဆီက ထမင်းထုပ်ကိုသာ လုမစားကြပါနဲ့ အဲဒါ ပြောချင်ပါတယ်။”

သမ္မတ ဦးသိန်းစိန်ကတော့ နိုင်ငံမှာရှိနေတဲ့ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းကို လာမယ့် ၂၀၁၅ ခုနှစ်မှာ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချဖို့နဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး (LDC) အဆင်းရဲဆုံးနိုင်ငံ ဘ၀ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၁၂ ခုနှစ် မတ်လ ၁ နေ့က အစိုးရ သက်တမ်း ၁ နှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013