ဗမာ့နိုင်ငံရေး ကသောင်းကနင်းများ – အပိုင်း (၁၆)

(၃၃) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ (၁၉၆၃) နိုင်ငံရေးတင်းမာမှုတွေ လျှော့ချဖို့ ၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ တော်လှန်ရေးကောင်စီ ကိုယ်စားပြုပြီး ဗိုလ်နေဝင်းဟာ တဖက်သတ် အဆိုပြုထားတဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ပြုခဲ့ပါတယ်။ ရိုးသားမှုကို အခြေမခံတာမို့ လက်နက်ကိုင် ပုန်ကန်ခဲ့ကြတဲ့ အလံနီကွန်မြူနစ်ပါတီ၊ အလံဖြူကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်၊ ကရင်အမျိုးသားလွတ်မြောက်ရေး၊ မွန်ပါတီ၊ ချင်းပါတီ စတာတွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အဆုံးသတ်ပြီး ဖျက်သိမ်းခဲ့ရတယ်။ ငြိမ်းချမ်းရေးကိုယ်စားလှယ် အများစုဟာ သဘောတူခဲ့ကြတဲ့အတိုင်း မူရင်း အခြေစိုက်ရာ ဒေသတွေဆီ ပြန်သွားခဲ့ကြတယ်။ သုံးရက်ကြာပြီးတဲ့နောက် စစ်တပ်ဟာ ထိုးစစ်တွေနဲ့ ချောင်ခိုတိုက်ပွဲတွေ အမြောက်အမြား ဆင်လာပြီး အတိုက်အခံ သူပုန် ခေါင်းဆောင်အတော်များများကို အသေဖမ်းဆီးမိကြောင်း သတင်းစာတွေထဲမှာ ဖော်ပြခဲ့ကြတယ်။ လက်နက်ကိုင် တော်လှန်ရေးသမားတွေအတွက်တော့ ငြိမ်းချမ်းရေးမရတဲ့အပြင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေး (ကေအန်ဒီအို) က ခွဲထွက်ခဲ့ပြီး စောဟန်တာသမူဝီ ဦးဆောင်တဲ့အဖွဲ့သာ တရားဝင် ရပ်တည်နိုင်ဖို့ ကျန်ရစ်ခဲ့တော့တယ်။ စစ်တပ်ကတော့ အောင်နိုင်သူအဖြစ် ကြွေးကြော်ခဲ့ပေမယ့် လူထုကတော့ သူတို့ရဲ့ မရိုးသားမှု၊ ကောက်ကျစ်မှုတွေကြောင့် ပိုလို့ ရွံရှာမုန်းတီးခဲ့တော့တယ်။ အခုဆို ဗမာပြည်ကွန်မြူနစ်ပါတီက အဆိုပြုခဲ့တဲ့ ၅၅ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ တော်လှန်ရေးကောင်စီက အကောင်အထည်ဖော်ပြီး လုံးလုံးမအောင်မြင်ခဲ့တဲ့ ၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုပြီး အဓိကဖြစ်ရပ်နှစ်ရပ် ရှိခဲ့ပြီးပါပြီ။ အဲဒါရဲ့အကျိုးဆက်အဖြစ် နိုင်ငံရေးခေါင်းဆောင်များစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖိနှိပ်မှုတွေပို ပြင်းထန်လာခဲ့သလို နိုင်ငံရေး ကသောင်းကနင်းဖြစ်စဉ်တွေ နိုင်ငံတဝန်းလုံးမှာ တခုပြီးတခု ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာခဲ့တော့တယ်။ ငြိမ်းချမ်းရေး စေ့စပ်ညှိနိုင်းရေးမှူး နှစ်ယောက်ဖြစ်တဲ့ သခင်တင်မြနဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရဲထွဋ်တို့ဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ပေမယ့် လက်နက်ချ အလင်းဝင်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ တခြားလက်နက်ကိုင်အုပ်စုတွေရဲ့ သဘောတူ ထောက်ခံမှုနဲ့ စေ့စပ်ညှိနှိုင်းရေးနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကနေ ၆၄ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို အသွင်ကူးပြောင်းခဲ့တော့တယ်။ အဲဒီ လက်နက်ကိုင်လမ်းစဉ်နဲ့အတူ ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းဟာ ကိုယ့်တပ်ကိုယ် ပြန်နင်းပြီး ဇာတ်တူသားစားသလို ကိုယ့်ပါတီရဲ့ ပေါလစ်ဗျူရို အမှုဆောင်တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို မကြာသေးမီက ပူးပေါင်းလာခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ၆ ဦးကို သတ်ဖြတ်ခဲ့တယ်။ အသတ်ခံရတဲ့ ကျောင်းသားတွေကတော့ ... ၁။ ကိုဘသန်း (ဗဟိုတရားရုံးရှေ့နေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှုဆောင်ဟောင်း  ဒေါ်မြင့်မြင့်ခင်ရဲ့ အစ်ကိုတော်သူ) ၂။ ကိုထွန်းကျော် (ကိုစိုးဝင်း- လူထုဦးလှနဲ့ လူထုဒေါ်အမာတို့၏သား) ၃။ ကိုကျော်ခင် (ဗိုလ်မှူးကြီးသန်းစိန် - ရခိုင်ရဲ့ ညီတော်သူ) ၄) ကိုတင်ဟန် ၅) ကိုခင်ဝင်း ၆) ကိုဖိုးသားတို့ ဖြစ်ကြတယ်။ ကိုယ့်တပ်ကိုယ် ပြန်နင်းပြီး ဇာတ်တူသားစားတာတွေ ရပ်မသွားခဲ့ဘဲ သခင်သန်းထွန်းဟာ ပါတီရဲ့ အဆင့်မြင့်ရာထူးရှိသူ ရဲဘော်ဌေး၊ ဂိုလ်ရှယ်၊ ဗိုလ်ရန်အောင်၊ ရဲဘော်စိုးသန်း၊ ဗိုလ်ထွန်းငြိမ်း (စာရေးသူရဲ့ ဦးလေးတော်သူ)၊ ရဲဘော်ထွန်းရှိန် စတဲ့ အတွင်းစည်းက ရဲဘော်တွေကို ဆက်လက်သုတ်သင် သတ်ဖြတ်ခဲ့တယ်။ သတ်ဖြတ်မှုတွေဟာ အလွန်ရက်စက်လွန်းတာမို့ သခင်သန်းထွန်းဟာ နောက်ဆုံး သူကိုယ်တိုင်လည်း ရိုးရိုး သာမန်စစ်သားဟောင်းတယောက်ရဲ့ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရတယ်။ လုံတိတ် သို့မဟုတ် ကြုံတိတ်လို့လည်း ခေါ်ကြတဲ့သူက သူ့သဘောနဲ့သူ သတ်တယ်လို့ တချို့လူတွေက မယုံကြည်ကြဘူး။ ဒီလုပ်ကြံမှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ထောက်လှမ်းရေးက စိမ့်ဝင်ပြီး သပ်လျှိုသွင်းထားတဲ့သူလျှို ဖြစ်ပုံရတယ်။ အဲဒီလို မဟုတ်ရင် သူဟာ ဘာကြောင့် နောင်မှာ ပြန်ပေါ်မလာတော့ဘဲ ထာဝရ ပျောက်ကွယ်သွားခဲ့ရတာလဲ?။ ပြီးတော့ စစ်တပ်က ဘာကြောင့် အဲဒီကိစ္စကို ဖုံးကွယ် ဖျောက်ဖျက်ထားခဲ့ရသလဲ?။ ကိုယ့်လူကို ပြန်သတ်ပြီး ဇာတ်တူသားစားမှုဟာ အလွန်အကျည်းတန်လွန်းတာမို့ ကွန်မြူနစ်ပါတီဟာ  ပဲခူးရိုးမမှာ မရပ်တည်နိုင်တော့ဘဲ နိုင်ငံရဲ့ အရှေ့မြောက်ဒေသ၊ ရှမ်းပြည်နယ်က ပန်ဆိုင်းဆိုတဲ့အရပ်ဆီ ဖိအားပေး ပြောင်းရွှေ့ခဲ့ရတော့တယ်။ အခြားတဖက်မှာလည်း စစ်အစိုးရဟာ စစ်တပ်ထဲကတင်သာမက အသစ်ဖွဲ့စည်းခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထဲကပါ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်ချုပ်တင်ဖေ၊ ဗိုလ်မှူးကြီးကြည်မောင်၊ ဗိုလ်မှူးကြီးချစ်မြိုင်၊ ဗိုလ်မှူးကြီးစောမြင့်၊ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ တခြားလူပေါင်းများစွာကို ရာထူးက ဖယ်သူဖယ်၊ ထောင်ချတဲ့သူကို ချနဲ့ ရှင်းလင်း ဖြုတ်ထုတ်ပြီး ပြိုင်ဘက်ကင်းတဲ့ စစ်အာဏာရှင်စနစ်ကို အုတ်မြစ်ချခဲ့တယ်။ ဗီဇညံ့သူတွေဆိုတာ သူတို့ရဲ့ အကျင့်ဆိုးတွေကို ဖျောက်ဖျက်နိုင်ခဲတယ်။ ဗိုလ်နေဝင်းဟာ လောင်းကစားဝါသနာကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ သူဟာ မြင်းပွဲကိုတင်သွားတာ မဟုတ်တော့ဘဲ ခွေးပွဲကိုလည်း သွားတော့တယ်။ အခုတော့ အာဏာက သူ့လက်ထဲ ရောက်နေပြီဆိုတော့ သူဟာ ဒေါ်သန်းညွန့်၊ ဒေါ်တင်တင်၊ ဒေါ်ခင်မေသန်း၊ ရတနာနတ်မယ်၊ ဒေါ်နီနီမြင့် စတဲ့ ဇနီး ၅ ယောက်အပြင် တခြား မောင်းမကိုယ်လုပ်တော်တွေလို မိန်းမတွေနဲ့ ဘုရင်တပါးလို စံစားခဲ့တယ်။ သူက သူ့ကိုယ်သူ အလောင်းဘုရားရဲ့ ကုန်းဘောင်မင်းဆက်က ၁၂ ဆက်မြောက်မင်းလို့ မှတ်ယူခဲ့တယ်။ နောက်ဆုံး ဗမာဘုရင် သီပေါမင်းဟာ ကုန်းဘောင်မင်းဆက်မှာ ၁၁ ဆက်မြောက် နောက်ဆုံးမင်း ဖြစ်တယ်။ ဗိုလ်နေဝင်းဟာ ငွေကြေးသုံးစွဲရာမှာလည်း ဟော့ရမ်းသူတယောက် ဖြစ်တယ်။ နိုင်ငံတော်အာဏာကို ၁၉၆၂ ခုနစ်မှာ သူ သိမ်းယူခဲ့စဉ်တုန်းက နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ဘဏ်တွေက ငွေတွေ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေက ပိုက်ဆံတွေ၊ ပို့ကုန်လုပ်ငန်းမျိုးစုံက ရရှိတဲ့ ငွေကြေးတွေ မပါသေးဘဲ နိုင်ငံခြားငွေစာရင်း ဘတ်ဂျက်ထဲမှ ဗမာငွေကျပ် သန်း ၆၀၀ နဲ့ ညီမျှတဲ့ ဒေါ်လာ သန်းပေါင်း ၁၂၀ ကို ဦးနုက ချန်ထားပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗမာကျပ်ငွေကို အင်္ဂလန်နိုင်ငံမှာ ပုံနှိပ်ခဲ့ပါတယ်။ ဗိုလ်နေဝင်းဟာ အဲဒါကို လန်ဒန်ကနေ ဆွဲနုတ်ခဲ့ပြီး ဗမာကျပ်ငွေကို ပြည်တွင်းမှာရှိတဲ့ ပခုက္ကူ  ဝါဇီစက်ရုံကနေ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဒီလိုလုပ်ခဲ့ခြင်းအားဖြင့် ငွေစက္ကူတွေရိုက်နှိပ်ဖို့ လန်ဒန်မြို့မှာ အပေါင်ထားရတဲ့ ရွှေချောင်းတွေကို ပြန်ထုတ်ယူခွင့်ရလာပြီး အဲဒီရွှေချောင်းတွေအားလုံးကို သူ သုံးချင်သလို ထင်ရာစိုင်း သုံးစွဲပစ်ခဲ့တယ်။ သူသုံးစွဲလို့ ကုန်သွားတဲ့ ရွှေတွေနေရာမှာ ကောလင်း ရွှေတွင်းက ထွက်တဲ့ရွှေတွေနဲ့ ပြန်လည်ဖြည့်တင်းခဲ့တယ်။ တချို့ရွှေတွေကို ဂျပန်ကိုတောင် တင်ပို့ခဲ့ပါသေးတယ်။ အဲဒါအပြင် နိုင်ငံခြား အကူအညီတွေ၊ ချေးငွေတွေကိုလည်း လျာထား တင်ပြခဲ့တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေအတိုင်း မသုံးစွဲဘဲ စိတ်ကူးပေါက်ရာ သုံးချင်သလို သုံးစွဲခဲ့ပါသေးတယ်။ အဲဒါကို ဥပမာပြရရင် ကျွန်းသစ်ထုတ်လုပ်ရေးအတွက် ကမ္ဘာ့ဘဏ်က ယူခဲ့တဲ့ ချေးငွေနဲ့ ရန်ကုန်နဲ့ ပြည် လမ်းဖောက်လုပ်ရေးစီမံကိန်းတွေကို ကြည့်နိုင်ပါတယ်။ “အာဏာနဲ့ ငွေရှာနိုင်တယ် .. ငွေနဲ့ အာဏာကို ရှာလို့ရတယ်" ဆိုတဲ့စကားကို သူက ကောင်းကောင်းသိခဲ့ပါတယ်။ နောက်ဆုံးတော့ နိုင်ငံတော်ရဲ့ ရှိရှိသမျှ ဓနဥစ္စာ အရင်းအမြစ်တွေဟာ ခန်းခြောက်လာခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း မယားငါးယောက်နဲ့ ဗိုလ်ချုပ်နေဝင်းဟာ အရှေ့တောင်အာရှရဲ့ အချမ်းသာဆုံး နိုင်ငံခေါင်းဆောင်တွေထဲက တယောက် ဖြစ်လာခဲ့ပါပြီ။ တကယ်တော့ ဗိုလ်နေဝင်းဟာ ပေးလာတဲ့ အခြေအနေ အခွင့်အရေးကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့နေရာမှာ ဦးနုနောက်ကလိုက်တဲ့ ဒုတိယအခွင့်အရေးသမား ဖြစ်သလို ဗမာနိုင်ငံကို အာဖဂန်နစ္စတန်နောက်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်အောင် တွန်းချခဲ့သူ တဦးလည်း ဖြစ်ပါတယ်။ ပိုက်ဆံရဖို့အတွက်ဆို သူဟာ ဘာမဆိုလုပ်ခဲ့ပါတယ်။ လက်နက် အရောင်းအဝယ် လုပ်တာထက် ပိုမိုတဲ့ သူကိုယ်တိုင် လက်နက်ထုတ်လုပ်သူအဖြစ် နေဝင်းစတင်းလို့ ခေါ်ခဲ့ကြရတဲ့ ဘီအေ ၅၂ စတင်းဂန်း စက်သေနတ်တွေကို ရန်ကုန်မြို့ အင်းယားကန်နားက လက်နက်စက်ရုံမှာ အီတလီက စစ်လက်နက်ကျွမ်းကျင်သူတွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒါအပြင် ဂျီ ၃ ဂျီ ၄ သေနတ်တွေကို ဂျာမန်တွေနဲ့ ပူးပေါင်းထုတ်လုပ်ခဲ့ပြီး လက်နက်ကုမ္ပဏီတခုကို တည်ထောင်ခဲ့ပါသေးတယ်။ ယူဂိုဆလပ်နိုင်ငံက မာရှယ်တီးတိုးထံကလည်း မောင်းတိန်းသေနတ်တွေ ဝယ်ယူခဲ့ပါတယ်။ လောင်းကစားသမားတယောက်အနေနဲ့ ဦးနေဝင်းဟာ သူ့ကြောင့် ဆင်းရဲမွဲတေသွားရတဲ့ နိုင်ငံရဲ့ အခြေအနေ အကျပ်အတည်းက ဘယ်အပေါက်ကနေ ဘယ်လို ရုန်းထွက်ရမယ်ဆိုတာ သိခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ကုလသမဂ္ဂမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး နိုင်ငံစာရင်း လျှောက်လွှာတင်ခဲ့ပါတယ်။ ရှည်လျားပြင်းထန်တဲ့ ငြင်းခုံဆွေးနွေးမှုတွေ အပြီးမှာတော့ ဗိုလ်နေဝင်းဘက်က အနိုင်ရခဲ့ပြီး တချိန်က အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်တဲ့ ဗမာနိုင်ငံကို ကုလသမဂ္ဂကနေ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး တိုင်းပြည်တပြည်အဖြစ် အသိအမှတ်ပြုပေးခဲ့ပါတော့တယ်။ အဲဒါကနေ သူရလိုက်တဲ့ အကျိုးအမြတ်ကတော့ နိုင်ငံခြားကြွေးမြီ အကုန်လုံးနီးပါးက လွတ်မြောက်ခဲ့တယ်။ သူ့အတွက်တော့ ဒီအကျပ်အတည်းကနေ အကောင်းဆုံးထွက်ပေါက်ကို ရလိုက်တာပါပဲ။ အဲဒီအချိန်တုန်းက နိုင်ငံခြားကြွေးမြီ ဒေါ်လာ သန်း ၄၀၀၀ ကျော် ရှိနေခဲ့တယ်။ မခံရပ်နိုင်တော့တဲ့ မရှိဆင်းရဲသားတွေထံက ပြန်လည်ရိုက်ခတ်မှု၊ မငြိမ်သက်မှုတွေ ပိုလို့တိုးပွားလာပြီး တနိုင်ငံလုံး ကသောင်းကနင်း ဖြစ်လာခဲ့တယ်။ သူဟာ နောက်ဆုံးလက်နက်ဖြစ်တဲ့ ငွေစက္ကူ တရားမဝင်ကြောင်း၊ ဖျက်သိမ်းကြောင်း ကြေညာချက်ကို သုံးကြိမ်တိုင်တိုင် အသုံးပြုခဲ့တယ်။ ဗေဒင်ယတြာကိန်းခန်းနဲ့ ဂဏန်းနံပါတ်တွေအပေါ် စွဲလမ်းယုံကြည်သူတဦး ဖြစ်တာမို့ ငွေစက္ကူ ၉၀ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၄၅ ကျပ်တန်၊ ၃၅ ကျပ်တန်တွေ ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ ဒီလို အဆင်ခြင်မဲ့ အရူးထတဲ့ ခေါင်းဆောင်မျိုးနဲ့ အဲဒီလို အဓိပ္ပာယ်မဲ့ အသုံးမကျတဲ့ ငွေစက္ကူနံပါတ်မျိုး ရိုက်နှိပ်ထုတ်ဝေတာကို စာဖတ်သူတွေ ကြုံဖူး ကြားဖူးကြပါသလား?။ ဗိုလ်နေဝင်းဟာ နည်းမျိုးစုံသုံးပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ရှေးက ဆိုရိုးစကားအတိုင်း “ခွေးဟောင်ပေမယ့် ခရီးသည် ယာဉ်ရထားတွေကတော့ အသွားမပျက်” ဆိုသလိုပါပဲ။ သူဟာ နိုင်ငံရေးပြဿနာတွေကို သူ့ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားပြီး နာဇီဂတ်စ်တာပို၊ ဂျပန်ကင်ပေတိုင်၊ ဗြိတိသျှ ထောက်လှမ်းရေး (MI6) အဖွဲ့က နည်းတွေနဲ့ လေ့ကျင့်ပေးထားတဲ့ ဖိနှိပ်ရေးကိရိယာ စစ်ထောက်လှမ်းရေးကို အသုံးပြုနှိပ်ကွပ်ရင် ဖြေရှင်းနိုင်မယ်လို့ တွေးထင်ခဲ့ပုံရတယ်။ ဒါပေမယ့် လူထုအုံကြွမှုတွေဟာ တားမရ ဆီးမရ တခုပြီးတခု ခတ်စိတ်စိတ် ဖြစ်ပွားလာခဲ့တော့တယ်။ အဲဒီနောက် ဗိုလ်နေဝင်းဟာ သူ့ရဲ့ အာဏာမစွန့်ရခင် နောက်ဆုံးတကြိမ်အဖြစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ညီလာခံကို ခေါ်ယူခဲ့ပြီး သူ့ရဲ့ မကောင်းသတင်းနဲ့ ကျော်ကြားတဲ့ မိန့်ခွန်းဖြစ်တဲ့ "လူကောင်းလူတော်ကိုသာ လိုချင်တယ်" ကို ပြောကြားခဲ့တယ်။ သူဆိုချင်တဲ့ လူကောင်းလူတော်ဆိုတာ သူ့အပေါ် သစ္စာစောင့်သိမယ့် နောက်လိုက်သာ လိုချင်တဲ့သဘော၊ လူတော်မလိုချင်ဘူးဆိုတဲ့ သဘောမျိုး ဆိုချင်ပုံရပါတယ်။ နောက်တော့ သူဟာ ပါတီကနုတ်ထွက်ကြောင်း ကြေညာခဲ့တယ်။ ဒါဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖျက်သိမ်းဖို့ အချက်ပြလိုက်တာပါပဲ။ ကန့်လန့်ကာ နောက်ကွယ်မှာ ဗိုလ်စန်းယု၊ ဗိုလ်အေးကို၊ ဗိုလ်ကျော်ထင်၊ ဗိုလ်စိန်လွင်နဲ့ ဒေါက်တာမောင်မောင်တို့ပါတဲ့ အဖွဲ့ဝင်ငါးဦးပါ ဦးဆောင်ကော်မတီ ဖွဲ့ထားပြီးပြီလို့ လူတချို့ကတော့ ပြောဆိုခဲ့ကြတယ်။ ဖိလွန်းရင် ကြွဆိုသလို ဆန့်ကျင်အုံကြွမှုတွေ မြင့်တက်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားမှု အရှိန်အဟုန်ဟာ ပိုလို့ပိုလို့ မြင့်မားလာခဲ့တော့တယ်။ အာဏာပိုင်တွေဟာ နိုင်ငံတဝန်းမှာရှိတဲ့ အကျဉ်းထောင်တံခါးတွေကို ဖွင့်ပေးပြီး ရိုးရိုးရာဇဝတ်သားတွေကို လွှတ်လို့ အခြေအနေတွေ ပိုရှုပ်ထွေးအောင် လုပ်ဆောင်ခဲ့တယ်။ ရန်ကုန်မှာ စစ်ထောက်လှမ်းရေး သူလျှိုတွေက သောက်ရေကို အဆိပ်ခပ်ခဲ့ကြလို့ လူအတော်များများ အဆိပ်သင့်ခဲ့ရတယ်။ တိုင်းပြည်ဟာ ကမောက်ကမ ဖြစ်စဉ်တွေနဲ့ ရှုပ်ထွေးမှုတွေ အထွတ်အထိပ်ကို ရောက်လာခဲ့တော့တယ်။ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန် စတဲ့ ကျောင်းသားခေါင်းဆောင်သစ်တွေ ပေါ်ထွက်ခဲ့တယ်။ သူတို့ဟာ ဦးနု ပိတ်ပင်တားမြစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂကို ပြန်လည်ဖွဲ့စည်းခဲ့ကြတယ်။ ဦးနုဟာ ဘုရားပြီး ငြမ်းဖျက်တဲ့သဘော သူ့ရဲ့အာဏာကို ထိပါးလာမှာ စိုးရိမ်တာကြောင့် ကျောင်းသားသမဂ္ဂကို ပိတ်ပင်တားမြစ်ခဲ့တာဖြစ်တယ်။ ဦနုက သူကိုယ်တိုင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ တယောက်အဖြစ် ပါဝင်လှုပ်ရှားပြီး နိုင်ငံရေးနယ်မှာ ကျင်လည်ခဲ့ပြီးမှ သူကိုယ်တိုင် ဝန်ကြီးချုပ်ဘဝအဖြစ် ရောက်ရှိလို့ အာဏာရလာတဲ့အခါကျမှ ကျောင်းသားသမဂ္ဂကို ဖျက်သိမ်းခဲ့တာ ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကို ဦးနေဝင်းက ဒိုင်းနမိုက်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်တယ်။ လူထုဆန္ဒပြပွဲတွေကို တပ်မတော်လေတပ်၊ ရေတပ်နဲ့ ကြည်းတပ်က တပ်မတော်သားတချို့လည်း ပူးပေါင်းခဲ့ကြတယ်။ အပြောင်းအလဲတွေ နှစ်ဖက်စလုံးမှာ ဖြစ်ပွားလာခဲ့တယ်။ သမ္မတဦးစန်းယု အနားယူပြီး ရက် ၃၀ လောက် သမ္မတသစ် ဒေါက်တာမောင်မောင် တက်လာခဲ့တယ်။ နောက်တော့ သားသတ်သမား စိန်လွင်ဟာ နောက်ဆုံးသမ္မတအဖြစ် လွှဲယူခဲ့ပေမယ့် ရက်ပေါင်း ၁၇ ရက်သာ ကြာလိုက်တယ်။ ဒေါက်တာမောင်မောင်က ဆန္ဒပြသူတွေဟာ လူနည်းစုသာဖြစ်တယ်၊ အိမ်ထဲမှာရှိတဲ့ လူများစုက သူတို့ကို ဆန္ဒမပြဘူးလို့ စကားမှားပြောပြီး နောက်တရက်မှာ အိမ်ထဲက အိမ်ထောင်ရှင်မတွေဟာ ယောက်မတွေ လက်မှာကိုင်ပြီး မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်) ကျဆုံးပါစေ၊ ရုပ်သေးအစိုးရ ကျဆုံးပါစေ၊ ဆန္ဒပြပွဲကို ထောက်ခံကြောင်း အော်ဟစ်လို့ လမ်းမတွေပေါ်တက် ဆန္ဒပြခဲ့ကြတယ်။ အစိုးရဝန်ထမ်း အားလုံးနဲ့ လက်လုပ်လက်စား အပါအဝင် လူထုလူတန်းစား အလွှာအသီးသီးဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်လာကြပြီး တနိုင်ငံလုံးမှာ သပိတ်စခန်းပေါင်းများစွာ ဖွင့်လှစ်လို့ အားပါးတရ ဆန့်ကျင်ခဲ့ကြတော့တယ်။ ၁၉၆၇ ဆန်ပြဿနာ၊ တရုတ်-ဗမာ အရေးအခင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့် အရေးအခင်း၊ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော် ပုန်ကန်မှု၊ မြေနီကုန်းအရေးအခင်း စတာတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ပြီး အကြမ်းဖက် နှိမ်နှင်းခဲ့ကြတယ်။ လူထုနဲ့ ကျောင်းသားတွေဟာ အရေးအခင်းတခုပြီး နောက်တခု ဆက်ရင်း သူတို့ကို ပိုမိုစက်ဆုပ်ရွံရှာလာခဲ့ကြတယ်။ ဖိအားတွေ သိပ်သည်းလာတာနဲ့အမျှ ရေနွေးငွေ့ ဘွိုင်လာအိုးကြီးနဲ့တူတဲ့ ကျောင်းသားနဲ့ ပြည်သူတွေဟာ ရုတ်ခြည်း ပေါက်ကွဲထွက်လုလု အခြေအနေကို ဆိုက်ရောက်လာခဲ့ပါတယ်။ စာရေးသူဟာ ဦးသန့် အရေးအခင်းတုန်းက ခေါင်းဆောင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ သိကျွမ်းခဲ့ပါတယ်။ အမေရိကမှာ နေထိုင်နေတဲ့ ဦးဉာဏ်ဝင်းက အဲဒီတုန်းက အဖြစ်အပျက်တွေကို အခုလို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ပထမ တောင်းဆိုမှုက ဦးသန့်ကို နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုပေးဖို့ပါပဲ။ ဒါပေမယ့် အစိုးရက ငြင်းပယ်ခဲ့ပါတယ်။ သဘောမတူညီမှုတွေ ပိုတိုးပွားလာပြီး သံဃာတော်တွေနဲ့ လူတွေ ပိုပြီး ကျနော်တို့နဲ့ ပူးပေါင်းလာခဲ့ကြတယ်။ ဒါကြောင့် ကျနော်တို့က ဦးသန့် ရုပ်အလောင်းကို ၁၉၇၄ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ လုယူခဲ့ကြပြီး ရန်ကုန်တက္ကသိုလ်ထဲကို သယ်ဆောင်ခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ ညမှာတော့ စစ်တပ်က ကျနော်တို့ကို ဝင်စီးနင်းပြီး တွေ့တာနဲ့ ချက်ချင်းပစ်ခတ်ခဲ့ကြပါတယ်။ ကျောင်းသား ၁၀၀ ကျော် ပစ်သတ်ခံခဲ့ရပြီး ကျနော် အပါအဝင် ကျောင်းသား ၅၀၀၀ ခန့် အဖမ်းအဆီးခံခဲ့ကြရပါတယ်။ သူတို့က ဦးသန့်ကို ရွှေတိဂုံဘုရားတောင်ဘက်မုခ်နားက ဆရာကြီးသခင်ကိုယ်တော်မှိုင်း အုတ်ဂူအနီးမှာ ဂူသွင်းပေးခဲ့ကြတယ်။ အထိန်းသိမ်းခံရပြီး နောက်တရက်မှာ ကျနော့်ကို တက္ကသိုလ်က ထုတ်ပယ်ခဲ့ပါတယ်။” အပိုင်း (၁၇) ဆက်ရန် ...... (The Political Turmoil In Burma ဟူသော အမည်ဖြင့် သမိုင်းစာစုကို ဆရာဦးဟန်ထွန်းက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့ပြီး မင်းကောင်းချစ်မှ “ ဗမာ့နိုင်ငံရေးကသောင်းကနင်းများ”အမည်နဲ့  မြန်မာဘာသာပြန်ဆိုရေးသားခဲ့ပါတယ်။) မင်းကောင်းချစ်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up