Homeမေးမြန်းခန်း
မဖြစ်မနေ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်း)
မဖြစ်မနေ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ (သူရဦးရွှေမန်း)
DVB
·
May 16, 2012
နော်ဝေနိုင်ငံကို လေ့လာရေးခရီး ရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဒီမိုကရက်တစ် မြန်မာ့အသံ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
[caption id="attachment_25474" align="alignleft" width="300" caption="ဦးရွှေမန်း"][/caption]
မြန်မာနိုင်ငံရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်ပြီးတော့ လွှတ်တော် ကိုယ်စားလှယ်တွေ ဂျာမဏီနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ အခု နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီ ဆိုတော့ လေ့လာရေး ခရီးစဉ်မှာ ဘယ်သူတွေနဲ့တွေ့ပြီး ဘာတွေ လေ့လာခဲ့ပါသလဲ။
“အဓိက လာရောက်တဲ့ ရည်ရွယ်ချက်ကတော့ မိမိတို့နိုင်ငံ ဒီမိုကရေစီစနစ် စတင်ပြီး ထူထောင်တဲ့နေရာမှာ စနစ်တကျနဲ့ ပီပီပြင်ပြင် ဖြစ်စေချင်တယ်။ ဒါ့အတွက် လွှတ်တော်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးတယ်။ ဒါကြောင့် လွှတ်တော်တွေ အခြားနိုင်ငံတွေမှာ ဘယ်လို ဖွဲ့စည်းထားသလဲ။ လွှတ်တော်တွေက ဘယ်လို တာဝန်ယူသလဲ။ ဘာတွေ လုပ်နေလဲ ဆိုတာတွေကို အဓိကထားလေ့လာဖို့ ဖြစ်ပါတယ်။ ဂျာမဏီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ်တွေလည်း ရောက်ခဲ့တဲ့အခါမှာလည်း လွှတ်တော် အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထို့နည်းတူစွာပဲ အဲဒီနိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့လို နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ပြီးတော့ ပူးပေါင်းဆောင်ရွက်မယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဝန်ကြီးဌာန စသဖြင့် တွေ့ဆုံခဲ့ပါတယ်။ တွေ့တဲ့အခါမှာလည်း သူတို့က မိမိတို့နိုင်ငံ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတာကို အားရကြောင်း၊ လိုအပ်တဲ့ အကူအညီများရှိရင်လည်း သူတို့ဘက်က ပေးမယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါတယ်။”
ဒီခရီးစဉ်မှာ အစိုးရခေါင်းဆောင်တွေ၊ ပါလီမန်တွေနဲ့ တွေ့တဲ့အခါမှာ ဘာထူးခြားချက်တွေ တွေ့ခဲ့ရလဲ။
“ထူးခြားချက်လို့ ပြောလို့ရတာက မိမိတို့ ဒီမိုကရေစီနိုင်ငံ ထူထောင်တယ်ဆိုတာ သိမြင်ကြားသိရတဲ့အတွက် သူတို့ ဝမ်းသာတယ်။ ဝမ်းမြောက်တယ်။ အံ့အားလည်းသင့်တယ်လို့ သူတို့ကပြောကြတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို မြန်မြန်ဆန်ဆန်ကြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာ အံ့အားသင့်တယ်လို့ ပြောတာရှိပါတယ်။ အဲ့နည်းတူပဲ တချို့ကျတော့လည်း ဒီလိုပြုပြင်ပြောင်းလဲမှု မြန်နေ၊ များနေတဲ့အတွက် အခြားစိန်ခေါ်မှုတွေ ရှိလာနိုင်တယ်ဆိုတာ တွက်မိလားဆိုတဲ့ သဘောမျိုးလည်းမေးပါတယ်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီပြုပြင်ပြောင်းလဲတဲ့နေရာမှာ အခြားစိန်ခေါ်မှုတွေ ရှိနိုင်လားဆိုတဲ့ မေးခွန်းမျိုးဟာ နည်းနည်းထူးခြားတယ်လို့ ယူဆပါတယ်။”
တခြားစိန်ခေါ်မှုတွေဆိုတာက ဘယ်လို အချက်တွေလဲ။
“သူတို့မေးတဲ့ မေးခွန်းပဲ။ မိမိတို့ဘက်ကတော့ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်တဲ့နေရာမှာ မိမိတင်မဟုတ်ဘူး။ မိမိတို့နိုင်ငံမှာရှိကြတဲ့ နိုင်ငံသားတွေ၊ အထူးသဖြင့် ပါလီမန်ထဲကိုရောက်လာတဲ့ လွှတ်တော်အမတ်တွေက မိမိတို့နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မှသာလျှင် နိုင်ငံနဲ့ နိုင်ငံသားများအတွက်၊ ပြည်ထောင်စုအကျိုးအတွက် ဖြစ်လာမှာ ဖြစ်တယ်လို့ သူတို့သိထားကြတဲ့အတွက် မိမိတို့ကတော့ မဖြစ်မနေ ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်မယ်လို့ ဆုံးဖြတ်ပြီးပြီ။ ဒါကြောင့်မို့လို့ လုပ်ရမယ့် လုပ်ငန်းတွေကို ရဲရဲတင်းတင်း သတ္တိရှိရှိလုပ်ကြရမယ့် အနေအထားမျိုးပဲလို့ ပြန်ပြောခဲ့ပါတယ်။”