Home
မြန်မာသတင်း
ရန်ကုန်တွင် ဒုတိယမြို့တော်ဝန်ခန့်အပ်ရန် အကြံပြုတိုက်တွန်း  
DVB
·
February 20, 2018
  ရန်ကုန်မြို့တော်စည်ပင် သာယာရေးဥပဒေကြမ်းထဲမှာ ဖြည့်စွက်ပြီး ဒုတိယမြို့တော်ဝန်ကို ခန့်အပ်ပေးသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က အကြံပြု ပြောဆိုလိုက်ပါတယ်။ မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး က "မန္တလေးလိုနေရာမျိုးမှာ လူဦးရေ တစ်သန်းလောက်ရှိတဲ့ နေရာမျိုးမှာတောင်မှ ဒုတိယ မြို့တော်ဝန်ရှိတယ်။ ကျနော်တို့ ရန်ကုန်မြို့တော်ကြီးဆိုလို့ရှိရင် မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်ကိုပဲ တွက်ဦးမလား၊ အနည်းဆုံး ပျမ်းမျှ ၅ သန်းဝန်ကျင်မှာရှိတယ်။ မြို့တော်ဝန်ဦးမောင်မောင်စိုးတစ်ယောက်ထဲနဲ့ တကယ်အလုပ်လုပ် မယ်ဆို မလုံ လောက်ဘူး။ ဒုတိယမြို့တော်ဝန်လိုနေတယ်" လို့ပြောကြားလိုက်တာပါ။ လူထုကတင်မြောက်လိုက်တဲ့ စည်ပင်ကော်မတီ ၆ ဦးထဲက မဲအများဆုံးတစ်ဦးကိုဖြစ်စေ၊ ဒါမှမဟုတ် ခြောက်ဦးက ပြန်ရွေးပြီးခန့်အပ်တာမျိုးဖြစ်စေ ဒုတိယမြို့တော်ဝန်တစ်ယောက်ကို ရန်ကုန်မြို့လူဦးရေ အရေအတွက်နဲ့ ဧရိယာ အကျယ်အဝန်းအရထားသင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဒေါက်တာ ညိုညိုသင်းက အကြံပြုပါတယ်။ ရန်ကုန်မြို့သစ်စီမံကိန်းကြီးရှိနေတာကြောင့်လည်း ဒုတိယမြို့ တော်ဝန်ဟာ မရှိမဖြစ်လိုအပ်နေတယ်လို့ ဦးလှဌေးက ထောက်ပြပြောဆိုပါတယ်။ "ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးဟာ ရန်ကုန်မြို့ပြင် မြို့နယ် ၁၂ ခုမှာလည်း ဥက္ကဋ္ဌအဖြစ်ပါဝင်နေသေးတော့ ရန်ကုန် ၄၅ မြို့နယ်လုံးကို သူက ကိုင်တွယ်ရမယ်။ မြို့တွင်းကိစ္စတွေကိုပဲ အာရုံထားနေရတယ်ဆိုတော့လည်း ရန်ကုန်ပြင်ပ မြို့နယ်တွေမှာ လျော့နည်းနေတာတွေရှိတာတွေ့ရတယ်။ ဒါ့အပြင် အရေးကြီးတာက ရန်ကုန်မြို့ကြီးဟာ တိုးချဲ့တော့မယ်၊ မြို့ကွက်ဧရိယာတွေပေါ်လာမယ်၊မြို့သစ်တွေတိုးချဲ့လာတော့မယ်ဆိုတော့ ရန်ကုန်မြို့ကြီးဟာ ဒီထက် ပိုကြီးလာဖို့ရှိတယ်။ အဲဒီအတွက်ကြောင့် အဲဒါတွေ ကိုင်တွယ်ဖို့ ဒုတိယမြို့တော်ဝန် လိုကိုလိုတယ်" လို့ ပြောပါတယ်။ အခုလွှတ်တော်မှာ ရန်ကုန်အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေကြမ်းထဲမှာ ဒုတိယမြို့တော်ဝန်ကိစ္စမပါဝင်သေးပါဘူး။ ဒါပေမယ့် အရင် စစ်အစိုးရ နဝတ လက်ထက်က ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၉၆ ခုနှစ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေမှာတော့ ကော်မတီရဲ့ ဥက္ကဋ္ဌဟာ ရန်ကုန်မြို့တော်ဝန်ဖြစ်ပြီး ဒုဥက္ကဋ္ဌဟာ ဒုရန်ကုန်မြို့တော်ဝန်ဖြစ်ရမယ်လို့ ပြဋ္ဌာန်းခဲ့ဖူးတာရှိပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024