အဂတိလိုက်စားမှု တိုက်ဖျက်ရေး

ကျနော့်မိတ်ဆွေဟာ ရန်ကုန်မြို့မှာ နေပါတယ်။ အိမ်တွင်းလုပ်ငန်းတခုကိုလည်း ထူထောင်ထားတယ်။ သူ့လုပ်ငန်းကလည်း အောင်မြင်တယ်။ အိမ်တွေမှာ နေ့စဉ် မရှိမဖြစ် သုံးရတဲ့ပစ္စည်းကို လက်မှုလုပ်ငန်းတခုအဖြစ် လုပ်ကိုင်တယ်။ အရောင်းလည်း တွင်ကျယ်ပါတယ်။ လုပ်ငန်းသာ လုပ်တယ်။ တွင်ကျယ်မှုလည်း ရှိတယ် ဆိုပေမယ့် လုပ်ငန်းလိုင်စင်တော့ မလုပ်ထားပါဘူး။ သူ့လုပ်ငန်းက မသုံးတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို မနက်စောစောဆိုရင် လူနေအိမ်တွေနဲ့လည်း မကပ်။ လမ်းပေါ်မှာ ဖြစ်စေ၊ မြေနေရာ ကျယ်ကျယ်တခုမှာ သူတို့ဆီက သန့်ရှင်းရေးလုပ်တဲ့သူက စုပြီး မီးရှို့လေ့ရှိပါတယ်။ တနေ့တော့ တံမြက်စည်းလှည်းဆရာ ဦးသန်းက အမှိုက်တွေကို မီးရှို့ပြီးသွားတဲ့အခါ အတော်ကြာတော့ ပိုင်ရှင်မိတ်ဆွေထံကို ရပ်ကွက်ကော်မတီက လာရောက်ပြီး “ခင်ဗျားတို့နားမှာ အတော်ကြာက မီးတွေ တွေ့လိုက်တယ်။ မီးလောင်နေတယ်ထင်လို့ ရပ်ကွက်ကလည်း ပြောတယ်” လို့ ဆိုပါတယ်။ ဒီတော့ ကျနော့်မိတ်ဆွေက “ကျနော် ပြမယ်။ အမှိုက်တွေ မီးရှို့တဲ့နေရာလည်း လာကြည့်” ဆိုပြီး ရပ်ကွက်လူကြီးကို လမ်းထောင့်မြေဘေးမှာ မီးရှို့ပြီးသား ပြာတွေကို လိုက်ပြပါတယ်။ ပြာတွေက တတောင်ပတ်လည်လောက်ပဲ ရှိပါတယ်။ အမှိုက်ကို အသေအချာ မီးရှို့ထားတာပါ။ ရေနဲ့လည်း လောင်းပြီးသားပါ။ ဒါကို ရပ်ကွက်လူကြီးက “ဒီကိစ္စတော့ ဥက္ကဋ္ဌကို တင်ပြရမှာပဲ” လို့ ဆိုပြီး ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက် ၃ ရက်လောက် အကြာမှာ ရပ်ကွက်ဥက္ကဋ္ဌရော၊ လူကြီးတွေရော၊ မြို့နယ်ကလား မသိ။ မျက်နှာစိမ်းတွေရော ပါလာပြီး သူ့လုပ်ငန်းကို စစ်ဆေးတော့တယ်။ နောက် လုပ်ငန်းလိုင်စင်ကို တောင်းတဲ့အခါ သူက မလုပ်ရသေးကြောင်း ရှင်းပြလိုက်တယ်။ ပြန်ခါနီးမှာ မြို့နယ်က တယောက်က “မနက်ဖြန် ရုံးကိုလာခဲ့” လို့ ပြောသွားလေတယ်။ ကျနော့်မိတ်ဆွေဟာ သူ့လုပ်ငန်းလေးက အောင်မြင်နေတော့ ရုံးလိုက်ရှင်းမှပဲ ဆိုပြီး နောက်တနေ့ မြို့နယ်စည်ပင်ရုံးကို လာခဲ့ပါတော့တယ်။ ရုံးကို ရောက်တဲ့အခါ ပထမဆုံး စာရေးမလေးနဲ့ တွေ့ရတယ်။ စာရေးမလေးက “အဆောက်အဦအတွက် ၃၀ဝ၀ဝ၊ လူကြီးကို ပေးရတာက ၃၀ဝ၀ဝ။ ကျမကို ၁၀ဝ၀ဝ။ အားလုံး ၇၀ဝ၀ဝ ပေး။ အဲဒါဆိုရပြီ။ ကျန်တဲ့ ဒဏ်ကြေးဆောင်တာတွေ ဘာတွေက နောက်မှ ဆက်ရှင်း။ အခု အရေးကြီးတာက လုပ်ငန်းလည်ပတ်ဖို့ပဲ” လို့ ပြောပြီး သူ့ကို ပြေစာရေးပေးလိုက်ပါတယ်။ ပြေစာထဲမှာတော့ သူ့အတွက် ၁၀ဝ၀ဝ နဲ့ လူကြီးအတွက် ၃၀ဝ၀ဝ မပါဘူး။ ဒဏ်ရိုက်တဲ့ ၃၀ဝ၀ဝ ပဲ ပါပါတယ်။ ကျနော့်မိတ်ဆွေကလည်း မြန်မြန်ပေးပြီး မြန်မြန်ရှင်းရင် ပြီးရောဆိုပြီး ပေးလိုက်တာပါ။ မိတ်ဆွေမှာ နောက်ထပ် လုပ်ငန်းလိုင်စင်ကြေး ၁၅၀ဝ၀ဝ ပေးရတာတို့။ တခြား ဘာကြေး ညာကြေးတွေ အများကြီး ရှိပါသေးတယ်။ အဲဒီလို မပေးရင် လုပ်ငန်း လုပ်ခွင့်မရမှာ စိုးတာကြောင့် ပေးလိုက်ရပါတယ်။ ဒါဟာ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ပစ်မယ်၊ မြေလှန်ပစ်မယ် ဆိုတဲ့ ၂ နှစ်သား  အန်အယ်လ်ဒီအစိုးရ၊ ကျားဖမ်းမယ် ဆင်ဖမ်းမယ် ဆိုတဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ တရားရုံးကအစ ယန္တရားဟောင်းနဲ့ လည်ပတ်နေရတာကြောင့် လာဘ်စားတာ၊ လက်ဖက်ရည်ဖိုး ပေးရတာတွေဟာ အရင်အတိုင်းပါပဲ။ အဲဒီလို အပြောကြီးသရွေ့ လူထုက တကယ်ခံစားရတဲ့အခါ တချို့က မဲ့ပြုံး ပြုံး၊ တချို့က အသံခပ်တိုးတိုးနဲ့ရယ်၊ တချို့ကတော့ ဝါးလုံးကွဲ ရယ်နေရတဲ့ အဖြစ်မျိုးပါပဲ။ ဒါကြောင့် အဂတိလိုက်စားမှုဆိုတာ ဘယ်လိုရှင်းကြမလဲဆိုရင် ပါလီမန်ခေတ်က လာဘ်ပေးလာဘ်ယူ တို့ရန်သူဆိုပြီး သိကြားမင်း ဆင်းရှင်းတောင် မရှင်းနိုင်ဘူးလို့ ဆိုကြတယ်။ ဝန်ကြီးချုပ်ဦးနုက ခြအုံထဲ ထင်းရှူးသေတ္တာတလုံး ချပေးလိုက်တာကမှ ကြာဦးမယ်။ အစိုးရဌာနတွေ လာဘ်ယူတာက ပိုမြန်ပါတယ်လို့ ကောက်ချက်ချလိုက်တာမျိုးပါပဲ။ ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဆိုတာကို ဒီမိုကရေစီတပိုင်း အစိုးရ လက်ထက်မှာလည်း ထပ်ဖွဲ့လိုက်တယ်။ စစ်အစိုးရလက်ထက်ကတည်းက ဝန်ကြီးဖြစ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်တယောက်က ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဝန်ကြီး ဖြစ်ခဲ့တယ်။ သူ့ကို ကော်မတီဥက္ကဋ္ဌအဖြစ် အဂတိလိုက်စားမှုတွေကို တိုက်ဖျက် သုတ်သင် ချေမှုန်း မျိုးဖျက်မယ်ဆိုတဲ့ ခြောက်လုံး လှန့်လုံးတွေနဲ့ တာဆူလာတာကို သိရှိလိုက်ရတာကြောင့် တကယ်ပဲ ဖြစ်လာမလား။ အရင့်အရင် အစိုးရတွေ လက်ထက်က တပ်လန်သွားသလို လန်ပဲ သွားမလားဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။ ဇန်နဝါရီ ၂၂ ရက်နေ့ကတော့ ရန်ကုန်မြို့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နဲ့ UNODC  တို့ ပူးပေါင်းပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး စာတမ်းဖတ်ပွဲကို ကျင်းပတဲ့အခါ စီးပွားရေးပညာရှင် ဒေါက်တာဦးမြင့်ကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အောင်မြင်ဖို့ ထင်ရှားတဲ့၊ လူသိများတဲ့၊ အကျင့်ပျက်ပုဂ္ဂိုလ် တချို့ကို အရင်ဆုံး ရုံးတင် အပြစ်ပေးရမယ်လို့ ဆိုတယ်။ “ငါးကြီးကြီးတချို့ကို ကြော်ရန် လိုအပ်တယ်” လို့ ပြောကြားသွားတာကို ဖတ်ရပါတယ်။ “အဂတိလိုက်စားမှုဆိုသည်မှာ အများပြည်သူများ အကျိုးဆောင်ရန် ပေးအပ်ထားသည့် အာဏာနှင့် အခွင့်အရေးများကို ပုဂ္ဂလိက အကျိုးအမြတ်အတွက် အသုံးပြုခြင်း” ဟု ဒေါက်တာဦးမြင့်က ဖွင့်ဆိုထားပြီး တနည်းဆိုသော် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံထားရသူ တယောက်က သူ တရားဝင်ရရှိထားသော အဆင့်၊ နေရာနှင့် ရာထူးဌာနန္တရကို သူ့ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းကို ဆိုလိုကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။ အဆိုပါ ဖွင့်ဆိုချက်အရ အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများတွင် အကျုံးဝင်သည်များမှာ လာဘ်ပေးလာဘ်ယူခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ဖော်လံဖား၍ အကျိုးစီးပွားရှာခြင်း၊ သာတူညီမျှ ကောင်းစားရေး ဆောင်ရွက်ခြင်း၊ အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ပိုင်အဖြစ် သုံးစွဲခြင်းနှင့် ဩဇာသုံး အကြံအဖန်လုပ်ခြင်းတို့ ဖြစ်ကြောင်း ဒေါက်တာဦးမြင့်က ဆိုသည်။ လက်ရှိတွင် အစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အောင်မြင်ရန်မှာ တိုင်းသူပြည်သူများ၏ ယုံကြည်လက်ခံမှုရှိရန် လိုအပ်ကြောင်း ဒေါက်တာဦးမြင့်က ပြောကြားသည်။ ပြည်သူများ လက်ခံယုံကြည်ရန် အကျင့်ပျက် ဆက်ဆံရေး၏ ဘက်နှစ်ဖက် ဖြစ်သော ဝယ်လိုအားနှင့် ရောင်းလိုအားဘက်တွင်ရှိသည့် ကျူးလွန်သူများကို အစိုးရက အမှန်တကယ် အရေးယူ တိုက်ဖျက်နေကြောင်း ပြည်သူများ လက်ခံယုံကြည်စေရန် လိုအပ်သည်ဟု ဒေါက်တာ ဦးမြင့်က ဆိုသည်။ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် အရေးယူဖို့ တိုက်ဖျက်နိုင်ဖို့ဆိုတာ ကော်မရှင် အဖွဲ့ဝင်တွေ တကယ့်ကို သမာသမတ်ကျပေမယ့် အရေးယူနိုင်မယ်လို့ ကံသေကံမ မပြောနိုင်ပါဘူး။ အရေးကြီးတာက ခေါင်ကစ မိုးလုံဖို့ လိုတယ်။ အရေးကြီးတာက နိုင်ငံတော်ရဲ့ ယန္တရားတွေအားလုံးကို ချုပ်ကိုင်ထားတဲ့ အစိုးရအဖွဲ့၊ အာဏာရပါတီ၊ သူတို့က အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မှသာ ဖြစ်ပါမယ်။ ပါလီမန်ခေတ်က ဝန်ကြီးတော်တော်များဟာ စစ်အာဏာရှင်ခေတ် အဆက်ဆက်က အာဏာရဗိုလ်ချုပ်တွေ ထိပ်ပိုင်းကနေ အောက်ပိုင်းအထိ စစ်ဗိုလ်တွေလို အကျင့်ပျက်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် ဦးနုခေတ်မှာ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်ပါဘူး။ “လာဘ်ပေးလာဘ်ယူ တို့ရန်သူ” ဆိုပြီး အဂတိလိုက်စားသူတွေကို ပေးသူရော ယူသူရော မျက်နှာမထောက်ထားဘဲ ဖမ်းဆီးဖို့ စသုံးလုံးအဖွဲ့ကြီးကို ဖွဲ့ခဲ့တာပဲ။ ဒါပေမယ့် ယေဘုယျ အကျင့်ပျက် ခြစားမှုဟာ ယန္တရားကြီးက ယူနေပြန်တော့ တိုက်ဖျက်ရေး မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ပါလီမန်ခေတ်ကထက် စစ်အာဏာရှင်ခေတ်မှာတော့ အဆိုးရွားဆုံးနဲ့ ကမ္ဘာမှာ အကျင့်ပျက်ခြစားတဲ့ နိုင်ငံတွေထဲ ထိပ်ဆုံး ရောက်သွားတယ်ဆိုတာ ရှက်တတ်ရင် စစ်အစိုးရခေတ်က ခေါင်းဆောင်တွေ ကိုယ့်မျက်နှာကိုယ် လှီးပစ်ဖို့ ကောင်းတယ်။ ဒါ့ကြောင့်လည်း နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိစေရ ဆိုတဲ့ ဥပဒေမျိုးကို ၂၀ဝ၈ ဖွဲ့စည်းပုံထဲ ထည့်သွင်း ရေးဆွဲခဲ့တာ မဟုတ်ပေဘူးလား။ ယခု အစိုးရရဲ့ သမ္မတကြီးကိုရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုရော၊ ဝန်ကြီး အတော်များများကိုရော အဂတိလိုက်စားမှုအတွက် ဥပဒေကို ချိုးဖောက်မှာ မဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဒါပေမယ့် ယန္တရားက အရင်ယန္တရားပဲ။ အောက်ခြေဝန်ထမ်းတွေ အမြဲတမ်းအတွင်းဝန်တွေ စတာတွေကိုတော့ ကျနော်တို့ တာဝန်မယူနိုင်ဘူး။ အနည်းနဲ့အများ ရှိနေတာကိုတော့ ရိုးရိုးသားသား ဝန်ခံကြမယ်ဆိုရင် ဒီဖြစ်စဉ်ကြီးဟာ အမှန်တကယ် ရှိနေပါတယ်။ ဗဟိုချုပ်ကိုင်မှု တင်းကျပ်တယ်ဆိုတဲ့ တရုတ်လို၊ ဗီယက်နမ်လို နိုင်ငံတွေမှာတောင် အကျင့်ပျက် ခြစားမှုတွေ ရှိနေတာပဲ။ ပြစ်ဒဏ်ကတော့ ပြင်းထန်ပါတယ်။ သေဒဏ်၊ တသက်တကျွန်း၊ အကြီးဆုံးငါးတွေလည်း ကြော်လိုက်တာပဲ။ ပါတီကလည်း ပြင်းပြင်းထန်ထန် အရေးယူတာပဲ။ ဒါပေမယ့်လည်း အနည်းနဲ့ အများတော့ ရှိနေဆဲပါပဲ။ ထက်မြက်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up