Home
မြန်မာသတင်း
ချင်းအမျိုးသားနေ့ပွဲ​တော်​များ မကွေး၊ မုံရွာနှင့် ပုသိမ်မြို့တို့တွင် ကျင်းပ
DVB
·
February 20, 2018
မကွေးတိုင်းဒေသကြီး သရက်​ခရိုင်​ မင်းတုန်းမြို့နယ်​ အင်းလည်​ကုန်း​ကျေးရွာမှာ ​မ​ကွေးတိုင်း ကိုယ်​စားပြု နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ ပွဲ​တော်​ကို​ ဖေ​ဖော်ဝါရီ ၁၉ ရက်​​ကနေ ၂၀ ရက်​​ထိ ပထမဆုံးအကြိမ် ကျင်းပ​နေပါတယ်​။ ချင်းအမျိုးသားနေ့ ပွဲ​တော်​ကို မ​ကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်​ကြီး တက်​​ရောက်ခဲ့ပြီး သူက “အရှိုချင်းတိုင်းရင်းသား သီးသန့်​ပွဲ​တော်​ မဟုတ်​ဘူး။ တနိုင်​ငံလုံးက ချင်းအားလုံး ကိုယ်​စားပြု ချင်းပွဲ​တော်​ ဖြစ်​တယ်​”လို့ ​ပြောပါတယ်။ မနက်​ပိုင်းမှာ ချင်းလူငယ်​နဲ့ မူးယစ်​​ဆေးဝါးပြဿနာ​ ခေါင်းစဉ်​နဲ့​ ဆွေး​နွေးပွဲကို အရှိုချင်း အမျိုးသားပါတီဗဟိုရဲ့ တွဲဖက်​အတွင်း​ရေးမှူး ဆလိုင်းဇီးတိုးက ဦး​ဆောင်​​ဆွေး​နွေးခဲ့ပြီး ​နေ့လယ်​ပိုင်းမှာ အရှိုချင်းလူငယ်​နဲ့ အနာဂတ်​​ခေါင်းစဉ်​နဲ့​ လူထုဗဟိုပြု စီမံကိန်းနည်းပညာ အကြံ​ပေး ဆလိုင်း​အောင်​ထွန်းမင်းက ဦး​ဆောင်​​ဆွေး​နွေးခဲ့ပါတယ်​။ ချင်းအမျိုးသား​နေ့ ရလဒ်​အဖြစ်​ ချင်းလူမျိုးတွေ ​နာမည်​​ရှေ့ ​ဆလိုင်း​နေရာမှာ ‘မောင်​’ ဖြစ်​​နေတာ၊ မိုင်​​နေရာမှာ ‘​မ’ ဖြစ်​​နေတာတို့ကို လူဝင်​မှုကြီးကြပ်​​ရေးနှင့် ပြည်​သူ့အင်​အား ဦးစီးဌာနသို့ တင်​ပြပြုပြင်ဖို့နဲ့ ပြည်​ထဲ​ရေး​ အမည်​မ​ပေါက်​​သေး​တဲ့ ချင်းတိုင်းရင်းသား​ ကျေးရွာတွေကို အမည်​​ပေါက်​ရရှိဖို့ ​အဆိုတင်​သွင်းတာကို အတည်​ပြုပြီး​ ရှေ့လုပ်​ငန်းစဉ်​တွေအဖြစ် ​ချမှတ်​နိုင်​ခဲ့တယ်​လို့ စာ​ပေနှင့် ယဉ်​​ကျေးမှုကော်​မတီ မင်းတုန်းဥက္ကဋ္ဌ ဆလိုင်းမြတ်​ထွန်းဦးက ​ပြောပါတယ်​။ ​ချင်းအမျိုးသားပွဲ​တော်​ကို ချင်းတိုင်းရင်းသား​ရေးရာဝန်​ကြီး၊ ခရိုင်​ဥပ​ဒေချုပ်​၊ ခရိုင်​၊ ခရိုင်​အုပ်​ချုပ်​​ရေးမှူး၊ တိုင်းလွှတ်​​တော်​မှ တိုင်းရင်းသား​ရေးရာ​ကော်​မတီအဖွဲ့ဝင်​တွေ၊ ခရိုင်​ ရဲတပ်​ဖွဲ့မှူးတို့နဲ့ မြို့နယ်​အရာရှိတွေ၊ လွှတ်​​တော်​ကိုယ်​စားလှယ်​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။ သရက်​ခရိုင်​အတွင်းမှာ အရိုချင်း​ကျေးရွာ​ပေါင်း ၁၄၅ ရွာ ရှိတယ်​လို့ ချင်းစာ​ပေနှင့် ယဉ်​​ကျေးမှုကော်​မတီ မြို့နယ်​ ဒုဥက္ကဋ္ဌဆလိုင်း​ရွှေလှိုင်​က ​ပြောပါတယ်​။ မ​ကွေးတိုင်းအတွင်းမှာ ချင်းအများစု​ နေထိုင်​တဲ့ ခရိုင်​အလိုက်​ နှစ်​စဉ်​​ ကျင်းပမယ်လို့ သိရတယ်​။ အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့၊ မြို့တော်ခန်းမမှာလည်း  ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ(မုံရွာ)က ဦးဆောင်ပြီး နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ကို ကျင်းပပါတယ်။ ပွဲတက်ရောက်လာတဲ့ ချင်းကျောင်းသူတဦးက "တကျောင်းတည်းမှာ တက်နေကြပေမယ့် မေဂျာမတူကြတော့ မတွေ့ဖြစ်ကြဘူး။ ဒီမှာက စီးပွားရေးနဲ့ ဥပဒေအတွက် ကလေး၊ ဖလမ်း၊ တီးတိန်၊ ဟားခါးတွေကတင်မကဘူး။ ချင်းတောင်ပိုင်းကပါ လာရောက် ပညာသင်နေကြတာ။ အဲဒါတွေက ဒီလိုပွဲတွေလုပ်မှသာ တွေ့ရတာလေ။ ဒီအတွက် အချင်းချင်း ပိုမိုချစ်ခင်ကြရသလို မိတ်သစ်ဆွေသစ်တွေလည်း တိုးတယ်။ ပိုပြီးလည်း စည်းလုံးမှု ရစေတယ်"လို့ ဆိုပါတယ်။ မုံရွာမှာ ကျင်းပတဲ့ ချင်းအမျိုးသားနေ့ပွဲကို မုံရွာတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းပြတာ၊ ချင်းတိုင်းရင်းသား ရိုးရာအကတွေနဲ့ သီဆိုဖျော်ဖြေကပြခဲ့ကြပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမမှာလည်း ချင်းအမျိုးသားနေ့ အထိမ်းအမှတ် ချင်းရိုးရာအကတွေနဲ့ မနေ့ညက ဖျော်ဖြေခဲ့ကြပြီး ဖေဖော်ဝါရီ  ၂၀ ရက်နေ့မှာတော့ အလံတင် အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ ပုသိမ်၊ မြန်အောင်၊ ကြံခင်းနဲ့ အင်္ဂပူမှာ နေထိုင်ကြတဲ့ ချင်းလူမျိုး ၂၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ချင်းအမျိုးသားနေ့ကို အရင်က မြန်အောင်နဲ့ ကြံခင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ကျင်းပလေ့ ရှိခဲ့ပေမယ့် အခက်အခဲတွေ ရှိတာကြောင့် အခုနှစ်ကျမှ ပုသိမ်မြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာလို့ ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီဝင် ဆလိုင်းသန့်ဇင်က ပြောပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ ချင်းအမျိုးသားနေ့ အခမ်းအနားတွေကို ပြည်နယ်အဆင့်အနေနဲ့ ဟားခါးမြို့၊ စစ်ကိုင်းတိုင်းအနေနဲ့ တမူးမြို့နဲ့ ချင်းအများစု နေထိုင်ရာ ပြည်တွင်း ပြည်ပမှာ ကျင်းပနေကြတာ ဖြစ်ပါတယ်။ သတင်း- ​နေမှူးလူ၊ အောင်ကိုလတ်၊ ကိုကိုကြည်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024