DVB Logo
Home
မေးမြန်းခန်း
မြောက်ကိုရီယားလက်နက်နှင့် မြန်မာပြည်
DVB
·
May 15, 2012
မြောက်ကိုရီယားလက်နက်နှင့် မြန်မာပြည်
Donate to DVB

တောင်ကိုရီးယား သမ္မတရဲ့ မြန်မာပြည် ခရီးစဉ်အတွင်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာတဲ့ အနေနဲ့ မြောက် ကိုရီးယားဆီကနေ လက်နက်တွေ နောက်ထပ် မ၀ယ်တော့ပါဘူးလို့ အာမခံပြောကြား လိုက်ပါတယ်။

[caption id="attachment_21159" align="alignleft" width="300" caption="ဦးဌေးအောင် (photo - dvb)"][/caption]

အရင်နှစ်တွေတုန်းကတော့ မြန်မာ အစိုးရနဲ့ မြောက်ကိုရီးယားတို့ကြားမှာ နျူကလီးယားစီမံကိန်းနဲ့ ပတ်သက်လို့ လျှို့ဝှက်လုပ်ဆောင်ခဲ့တာ မရှိခဲ့ပေ မယ့် မြောက်ကိုရီယားကနေ သမားရိုးကျစစ်ပွဲတွေမှာ သုံးတဲ့ စစ်လက်နက်တွေကိုတော့ ၀ယ်ယူခဲ့တဲ့ အကြောင်း မြန်မာ သမ္မတက ၀န်ခံသွားပါတယ်။

မြန်မာသမ္မတရဲ့ မြောက်ကိုရီယားနဲ့ စစ်ရေးအရ ဆက်ဆံရေးတွေ လျှော့ချ ဖို့  အာမခံပြောကြားချက်နဲ့ ပတ်သက် လို့  စစ်ရေးလေ့လာသူ ဦးဌေးအောင် ကို မေးမြန်းထား ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေကလည်း ကုလသမဂ္ဂက မြောက်ကိုးရီးယားလက်နက်တွေ ၀ယ်ယူလို့ဆိုပြီး သူတို့တားမြစ်ချက်ရှိခဲ့တယ်။ မြန်မာကတော့ အဲဒီတားမြစ်ချက်ကို ဖောက်ဖျက်ပြီး ဆက်ဆံခဲ့တယ် လို့ ပြောလို့ရမယ်ထင်ပါတယ်။ ဒါကို ဦးသိန်းစိန်ကတော့ နျူးကလီးယားတော့ မလုပ်ပါဘူး။ ခုနလို တချို့လက်နက်တွေ နဲ့ ပတ်သက်ပြီးတော့ ဆက်ဆံရေး အရောင်းအ၀ယ်တွေတော့ ရှိခဲ့တယ်လို့ ၀န်ခံသွားတဲ့ သဘောမျိုးတော့ ပြောရမယ် ထင်ပါတယ်။

“ဟုတ်ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက စပြီးငြင်းတုန်းက မြောက်ကိုရီးယားနဲ့ လုံးဝအဆက်အဆံ မရှိပါဘူးလို့ ငြင်းခဲ့တာလေ။ ၂၀၀၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးရွှေမန်း ဦးဆောင်ပြီးတော့ မြောက် ကိုရီးယား ခေါင်းဆောင်တွေနဲ့ စာချုပ်စာတမ်းတွေ လက်မှတ်ထိုးခဲ့တဲ့ ကိစ္စတွေက အထောက်အထား အချက်အလက်တွေကော၊ ဓာတ်ပုံတွေကော အကုန်လုံးပေါ်ထွက်လာတဲ့ အပေါ်မှာ အခု မြန်မာ အစိုးရခေါင်းဆောင်တွေ က လေသံပြောင်းသွားပြီးတော့ မလွှဲမရှောင်သာ ၀န်ခံလာရတဲ့ သဘောမှာ ရှိတယ်။”

မြောက်ကိုရီးယားနဲ့ လက်နက်တွေမ၀ယ်တော့ဘူး။ ရုရှားတို့ တရုတ်တို့ဆီက လက်နက်တွေ သူတို့ ရနိုင်လား။ မြောက်ကိုရီးယားကို အရင်တုန်းက သူတို့ ဒီလောက်ဆက်ဆံခဲ့တာရှိခဲ့လဲ။ ဈေးပေါလို့လား။

“ကျနော်ထင်တာကတော့ အစကတည်းက မြန်မာနိုင်ငံကို ၈၈ အပြီးမှာ အနောက်နိုင်ငံတွေ ကနေပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေရော၊ လက်နက် အရောင်းအ၀ယ် ပိတ်ဆို့တာတွေနဲ့ အရေးယူနေတဲ့ အချိန်မှာ အိမ်နီးချင်း တရုတ်နိုင်ငံကလည်း လက်နက်တွေ လွတ်လွတ်လပ်လပ် ၀ယ်ယူလို့ရခဲ့တယ်။ နောက်ပြီးတော့ ရုရှားနိုင်ငံကလည်း ရခဲ့တာတွေရှိတယ်လေ။ အဲ့လို တရုတ်နဲ့ ရုရှားလို ခေတ်မီတဲ့နိုင်ငံကြီးတွေကတောင် သမားရိုးကျလက်နက်တွေ အလွယ်တကူ ၀ယ်ယူလို့ ရနိုင်ခဲ့လျက်သားနဲ့  မြောက်ကိုရီးယားလိုနိုင်ငံမျိုးဆီက ဘာကိစ္စကြောင့် လက်နက်တွေ ၀ယ်ဖို့လိုသလဲ။ ဒါစဉ်းစားစရာဗျ။ ကျနော်တွေးတာကတော့ ရုရှားလို၊ တရုတ်လို နိုင်ငံမျိုးတွေဆီကတော့ နျူကလီးယားနည်းပညာကို သူတို့ရဖို့ မလွယ်ဘူးဗျ။ မြောက်ကိုရီးယားလိုနိုင်ငံကျတော့ သူက ငွေတအား လိုနေတဲ့ နိုင်ငံမျိုးဖြစ်တယ်။ မြောက်ကိုရီးယားနိုင်ငံကနေ နျူကလီးယားလက်နက်ဖြစ်စေ၊ နည်းပညာဖြစ်စေ ရဖို့ အလားအလာရှိတယ်လို့ သူတို့ယူဆလို့ မြောက်ကိုရီးယားကို သူတို့သွား ဆက်ဆံတယ်လို့ ယူဆတယ်။”

အခုနောက်ပိုင်းတော့ ဖုံးမရ၊ ဖိမရ သူတို့ကိုလည်း စောင့်ကြည့်နေတယ်။ စက်ကွင်းကလည်း မလွတ်နိုင်တော့ လက်လျော့လိုက်တဲ့ အနေအထားလို့ ပြောလို့ရမလား။

“အခုအချိန်မျိုးတော့ လက်လျှော့တယ်လို့ ယတိပြတ်တော့ ပြောလို့မရသေးဘူး။ တနိုင်ငံနဲ့ တနိုင်ငံ စာချုပ်ချုပ်ပြီး လုပ်ကိုင်နေကြတဲ့ အနေအထားမျိုးဆိုတော့ ဒါတွေက ချက်ချင်းကြီး ရုပ်လို့လည်းမရဘူး။ သူတို့တကယ် ၂ ဦးပေါင်းပြီး သုတေသန လုပ်နေကြတယ်၊ ပူးပေါင်းဆောင်ရွက်နေကြတယ် ဆိုရင်တော့ လျှို့ဝှက်ပြီးတော့ ဆက်ပြီးလုပ်နေနိုင်တယ်လို့ သုံးသပ်လို့ရတယ်ပေါ့။”

ပြီးခဲ့တဲ့နှစ်တွေမှာ မြန်မာစစ်တပ်အတွက်က မြောက်ကိုရီးယားက ဘယ်လောက်အရေးကြီးသလဲ။

“၂၀၀၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ရွှေမန်းဆိုရင် မြောက်ကိုရီးယားကို သွားပြီးတော့ မြောက်ကိုရီးယား ဗိုလ်ချုပ်တွေနဲ့ စစ်လက်နက် ပစ္စည်းတွေဝယ်ယူတာ အပါအ၀င် နည်းပညာပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်တွေ ချုပ်တဲ့ဟာတွေ ကျနော်တို့ လျှို့ဝှက် မှတ်တမ်းတွေ အကုန်လုံးပေါက်ကြားတဲ့ အပေါ်မှာ အဲဒီတုန်းက နအဖ အစိုးရက မငြင်းနိုင်တော့ဘဲနဲ့ သူတို့ဝန်ခံခဲ့ရတဲ့ အနေအထားတွေ တွေ့ရတာရှိတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးရွှေမန်း မြောက်ကိုရီးယားကို ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ သွားတုန်းက ကျနော်တို့ ရရှိခဲ့တဲ့ သတင်းအချက်အလက်တွေအရ နျူးကလီးယား လက်နက်ပစ္စည်းတွေ သွားဝယ်တာမဟုတ်ဘူး။ သူတို့အဓိက သွားပြီးတော့ ၀ယ်တာက တာဝေးပစ် မြောက်ကိုရီးယားက ထုတ်တဲ့ စကာဒ်ဒုံးကျည်တွေရဲ့ အစိတ်အပိုင်းတွေကို ၀ယ်ယူတာတို့၊ နည်းပညာတွေဝယ်ယူတာတို့ အဲဒါတွေကို လက်မှတ်တင်ပြီး ထိုးခဲ့ကြတယ်လို့ သိခဲ့ရတယ်။ အဲဒီနောက်မှာပဲ မြောက်ကိုရီးယားရဲ့ နည်းပညာကော၊ မြောက်ကိုရီးယား ပညာရှင်တွေရဲ့ အကူအညီတွေ နဲ့ မြန်မာပြည် အထဲမှာ ဆောက်လုပ်ထားတဲ့ ကပစ ၁၄၊ နတ်မောက်မှာရှိတဲ့ ကပစ ၁၅ တို့၊ ကာကွယ်ရေး ပစ္စည်းစက်ရုံတွေ၊ အမှတ် ၁၄ နဲ့ ၁၅ မှာ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ ၁၀၇ မမတို့၊ ၁၂၂ မမတို့၊ အတွဲလိုက်ပစ်တဲ့ မာတီပယ် ရော့ကက်လောင်ချာ ဒုံးကျည်တို့၊ ဒါတွေကို ကျနော်တို့ ထုတ်လုပ်တဲ့ သတင်းကို ရတယ်။”

ဦးဌေးအောင်ပြောသွားတဲ့ မြောက်ကိုရီးယားက သွားဝယ်တဲ့ လက်နက်အစိတ်အပိုင်းတွေ နဲ့ မြောက်ကိုရီးယား၊ နည်းပညာအကူအညီနဲ့ ထုတ်လုပ်တဲ့ လက်နက်တွေ က ပြည်ပရန်ကာကွယ် ဖို့လား၊ ပြည်တွင်းက တိုင်းရင်းသား သူပုန်တွေကို နှိမ်နင်းဖို့ရည်ရွယ်တာလား။ ဘယ်လိုလက်နက် အမျိုးအစားတွေ ဖြစ်မလဲ။

“တခုရှိတယ်၊ ဒီလက်နက်တွေကတော့ တာလတ်ပစ်လက်နက်တွေ အဆင့်ထိကို ဒုံးကျည်တွေ အဆင့်ထိကို သူတို့က သွားဝယ်ယူတဲ့ အနေအထားမျိုးရှိတယ်။ အဲဒီတော့ တာလတ်ပစ် ဒုံးကျည်တွေရဲ့ အနေအထားက ပြည်တွင်းစစ်တွေမှာ ဒီလောက်ထိရောက်မယ့် အနေအထား မရှိဘူး။ သွားဝယ်တုန်းက ဆိုရင် ကီလိုမီတာ ၃,၅၀၀ လောက်ထိ ပစ်နိုင်တဲ့ ဒုံးကျည်ထုတ်လုပ်တဲ့ နည်းပညာမျိုးကိုတောင် ၀ယ်ယူခဲ့တယ်ဆိုတဲ့ သတင်းမျိုး ကြားရတာရှိတယ်။ အဲဒီတော့ တာလတ်ပစ်တွေ၊ တာဝေးပစ်တွေ၊ ဒုံးကျည်လက်နက်တွေကို ၀ယ်ဖို့ စဉ်းစားတာ ကတော့ ပြည်တွင်းစစ်နဲ့ စာရင် ပြည်ပအန္တရာယ်တွေ ကာကွယ်တဲ့နေရာမှာ တိုက်ခိုက်တဲ့ နေရာမှာ သုံးဖို့ ရည်ရွယ်တဲ့ ပုံရှိတယ်။ နောက်တခုက စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေမှာ နျူးကလီးယားလက်နက် ထုတ်လုပ်နိုင်ရင် ထုတ်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေလည်းရှိတယ်။ သုတေသနလုပ်နေတာလည်း ရှိတယ်။ အဲဒီအခါကျတော့ နျူးကလီးယားလက်နက်ကလည်း ထုတ်လုပ်နိုင်ပြီဆိုရင် တာဝေးပစ်၊ တာလတ်ပစ်၊ ဒုံးပျံတွေက လိုလာမယ်။ အဲဒါတွေအတွက်လည်း နည်းပညာတွေ ကို မြောက် ကိုရီးယားကရဖို့ အပြင်းအထန်ကြိုးစားတဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ တွေ့ရတယ်။”

ဒီခရီးစဉ်ကတော့ တောင်ကိုရီးယားအတွက်တော့ စီးပွားရေးအပိုင်း ပိုများမလား။ ရင်းနှီးမြှုပ်နှံမှုမှာလည်း စတုတ္ထလောက် လိုက်နေတော့လေ။

“ဟုတ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့လည်း အစတုန်းကတည်းက ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်။ စီးပွားရေး အပြန်အလှန် ကူးသန်းရောင်းဝယ်မှုတွေရှိတယ်။ အခုလို မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုတဲ့ အနေအထား မှာ တောင် ကိုရီးယားနိုင်ငံ က မြန်မာနိုင်ငံမှာ လောင်စာစွမ်းအင်အပါအ၀င် တခြား စက်မှု လက်မှုလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ အာသီသပိုများပြီး၊ စီးပွားရေးအရ ပိုပြီးတော့ ဆက်ဆံမယ့် အနေအထားမျိုး ပိုပြီးတော့ ပြောရင်လည်း ရပါတယ်။”

စီးပွားရေးအတွက် လာတယ်။ ခုနလို မြန်မာအစိုးရက မြောက်ကိုရီးယားက လက်နက်မ၀ယ်ဘူးဆိုတဲ့ ကိစ္စမျိုးက သူ့အတွက် အရေးတကြီး ဘာလို့ ဆွေးနွေးစရာဖြစ်နေလဲ။

“မြောက်ကိုရီးယားနိုင်ငံကိုကျတော့ တောင်ကိုရီးယားတင်မကဘူး။ ကုလသမဂ္ဂကိုယ်တိုင်က လက်နက်ပိတ်ပင် တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတခုဖြစ်နေ တယ်။ နောက်တခု ကလည်း မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကြားကြားမှာကလည်း စစ်ရေးအရ တင်းမာမှုတွေ မကြာသေးခင်ကလည်း ဖြစ်နေသေးတော့ မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကိုလည်း အမေရိကန်အပါအ၀င် တောင်ကိုရီးယားနိုင်ငံကလည်း အမြဲတမ်းစောင့်ကြည့်နေတဲ့ အနေအထား ရှိတယ်။ အဲဒါကြောင့်လည်း တောင် ကိုရီးယားသမ္မတ အနေနဲ့ မြန်မာအစိုးရကို မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးတွေ မလုပ်စေချင်တဲ့ သဘောတွေပါမယ်လို့ ကျနော် ထင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြောက်ကိုရီယားလက်နက်နှင့် မြန်မာပြည်