A d v e r t i s e m e n t With Us

လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအပေါ် အမျိုးသမီးအနုပညာရှင်များ၏ အမြင်များ

ဓာတ်ပုံ - ရိုက်တာ
လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့ပတ်သက်ပြီး အမြင်တွေကို ဘက်ဖ်တာ (BAFTA) ရုပ်ရှင်ထူးချွန်ဆုပေးပွဲ တက်ရောက်လာသူ အမျိုးသမီး အနုပညာရှင်တွေက  ပြောကြားခဲ့ကြပါတယ်။ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ဘက်ဖ်တာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို နာမည်ကြီး အနုပညာရှင် အများအပြား တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင်က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တိုက်ဖျက်ဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို ဗြိတိန်သတင်းစာ The Observer က ရေးသားခဲ့ပါတယ်။ အဲဒီတောင်းဆိုချက်ကို အော်စကာဆုရှင် ဗြိတိန်သရုပ်ဆောင် အမ်မာသွမ်ဆန်၊ ကိတ်ဝင်းဆလက်နဲ့ အော်စကာဆု လျာထားသူ ဆာရှာ ရိုနင်တို့ အပါအဝင် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ၁၉၀ တို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ “ပြန်တွေးကြည့်မယ်ဆို စိတ်ဝင်စားစရာ ကောင်းပါတယ်။ အရင်ကဆို အဲဒီကိစ္စနဲ့ ပတ်သက်လို့ စိတ်ဆိုးဒေါသဖြစ်တယ်။ ဒါပေမယ့် ရင်ဖွင့်နိုင်တဲ့နေရာ မရှိဘူး။ အခုတော့ ပြောနိုင် ဆိုနိုင်ကြပြီ၊ သိပ်ကောင်းပါတယ်။ ဖျော်ဖြေရေးလုပ်ငန်းက အမျိုးသမီးတွေတင် မဟုတ်ပါဘူး။ ဒီလိုကိစ္စတွေက နေရာတကာမှာ ရှိတာမို့ အားလုံးအတွက် ဖြစ်ပါတယ်” လို့ သရုပ်ဆောင် ခရစ္စတင်း စကော့ သောမတ်စ်က ပြောပါတယ်။ “Time's Up ကမ်ပိန်းတွေကို ဆက်လက် ထောက်ခံကြပါ။ မတရားမှုတခုမှာ ဘာမှ မပြောဘဲ နေတာဟာ ဖိနှိပ်သူဘက်ကို ရွေးချယ်လိုက်တဲ့ အဓိပ္ပါယ်ပဲ” လို့ ဖီလ်အိုပူကူ ဂီလ်မာက ပြောပါတယ်။ ပြီးခဲ့တဲ့လတွေက စီးပွားရေး၊ နိုင်ငံရေးနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ သြဇာတိက္ကမကြီးတဲ့ အမျိုးသားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ မင်းသမီး အမ်မာဝက်တ်ဆန်ကတော့ “လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ ကျူးလွန်ကြတဲ့ မကောင်းတဲ့ အမျိုးသား တယောက်စ၊ နှစ်ယောက်စဆိုရင်တော့ ခေါင်းထဲက ထုတ်ပစ်လိုက်ဖို့ လွယ်ကူတာပေါ့။ ဒါပေမယ့် ဗြိတိန်က စာရင်းဇယားတွေအရတော့ ဒီလိုပြဿနာတွေဟာ ပိုပိုကြီးထွားလာနေတာကို ပြနေတယ်။ တဦးတယောက်ချင်းကနေ အများစုဆီ စနစ်တကျ ထိခိုက်လာနေတယ်။ အမျိုးသမီးတွေအားလုံးရဲ့ တဝက်ကျော်လောက်၊ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်ကြား အမျိုးသမီးတွေရဲ့ ၃ ပုံ ၂ ပုံနီးပါးဟာ သူတို့ရဲ့ လုပ်ငန်းခွင်တွင်းမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကြုံတွေ့ခဲ့ရတယ်။ ဒါဟာ သည်းခံသင့်တဲ့ကိစ္စမျိုး မဟုတ်ဘူး။ ဒီ့ထက်ပိုကောင်းအောင် ကျမတို့ လုပ်နိုင်ရမယ်” လို့ ပြောလိုက်တာပါ။ ဒီပွဲမှာတော့ တက်ရောက်လာကြသူ အနုပညာရှင် အားလုံးလိုလိုဟာ Time’s Up ကမ်ပိန်း ကို ထောက်ခံအားပေးတဲ့အနေနဲ့ အနက်ရောင် ပွဲတက်ဝတ်စုံတွေနဲ့ တက်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ်။ ဆုပေးပွဲမှာ Three Billboards Outside Ebbing, Missouri ဇာတ်ကားက အကောင်းဆုံး ရုပ်ရှင်ဆု အပါအဝင် ဆုပေါင်း ၅ ဆု ချီးမြှင့်ခံခဲ့ရတာပါ။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို Darkest Hour ဇာတ်ကားမှ ဂယ်ရီအိုးလ်ဒ်မန်း (Gary Oldman)၊ အမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ Three Billboards Outside Ebbing, Missouri ဇာတ်ကားမှ ဖရန်ဆက်စ် မက်ဒေါ်မန် (Frances McDormand) တို့က ရရှိသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up