DVB Logo
Home
မြန်မာသတင်း
ပန်ဝါတိုက်ပွဲကြောင့် ကချင်ဒုက္ခသည်များ တိုးလာ
DVB
·
May 15, 2012
ပန်ဝါတိုက်ပွဲကြောင့် ကချင်ဒုက္ခသည်များ တိုးလာ
Donate to DVB

ဧပြီလကတည်းက ကချင်ပြည်နယ် ပန်ဝါမြို့နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တောထဲနဲ့ နယ်စပ်တွေမှာ ပုန်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ထောင်ချီ လာသလို မြစ်ကြီးနား၊ ၀ိုင်းမော် မြို့ပေါ် ဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည်တွေ တိုးလာတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့်  ၀ိုင်းမော်၊ မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေမှာ လူဦးရေ တိုးလာသလို  နယ်စပ်ဒေသ တောထဲမှာ ပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်လည်း တိုးလာတယ်လို့ ကချင်ပြည်နယ်က ဘာသာရေးနဲ့ နိုင်ငံရေး အသိုင်းအ၀န်း တာဝန်ရှိသူတွေ က ပြောပါတယ်။

ဧပြီလ ၂၇ ရက်နေ့ ပန်ဝါမြို့နယ်ခွဲ လုပီ ​ကျေး​ရွာနား​မှာ အ​ခြေပြုတဲ့​ အမှတ် ၁၀၀၂ နယ်ခြား​စောင့်​တပ် ဌာနချုပ်ကို ကချင်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)က ဝင်​ရောက်စီး​နင်း​ခဲ့ပြီးကတည်းက အစိုးရနဲ့ ကချင်လက်နက်ကိုင်တပ်တွေ  ကနေ့အထိ ဆက်ဖြစ်နေတဲ့ တိုက်ပွဲ​တွေ​ကြောင့် ထောင်နဲ့ ချီတဲ့ ဒုက္ခသည်တွေဟာ တရုတ်နယ်စပ် တလျှောက်တောတွေထဲမှာ ထွက်ပြေးနေရတယ်လို့ မြို့ခံ ခရစ်ယာန် သင်း​အုပ်ဆရာ​တော် တပါး​က ​ပြောပါတယ်။

“အပေါ်ယံစစ်ကြည့်လိုက်တော့ ထောင်နဲ့ချီရှိပါတယ်။ ၀ိုင်းမော်တို့ မြစ်ကြီးနားတို့တင် တနေရာမှာ ပုံထားတာ မရှိဘူးလေ။ ရွာတိုင်း ရွာတိုင်းပြေးနေကြတယ်။ ဒီမှာ နယ်စပ်ဆိုတော့ ဘုရားကျောင်းကို သူတို့မလာဘူးလေ။ တခါလည်း တရုတ်ပြည်ကို ပြေးသွားတယ်။ တရုတ်ပြည် နယ်စပ်ကို ပြေးသွား ရင် ပြန်ထွက်လာဖို့ အရမ်းခက်တယ်။ ”

သေနတ်သံတွေ ရပ်တန့်သွားရင် ရွာသားတွေက နေရပ်ကို  ပြန်လာကြမှာဖြစ်ပြီး အခုလက်ရှိ နေရာ အတော်များများမှာ  ပျံ့နှံ့နေတဲ့အတွက် ဒုက္ခသည်တွေကို သွားရောက် အကူအညီပေးဖို့လည်း ခက်ခဲတယ် လို့ ဆိုပါတယ်။

အလားတူ ၀ိုင်းမော်နဲ့ မြစ်ကြီးနားမှာ ဖွင့်လှစ်ထားတဲ့  ဒုက္ခသည်စခန်းတွေမှာလည်း အရင် ၂ လကထက် ဒုက္ခသည်တွေ ပိုတိုးလာနေတယ် လို့ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီ (ယူဒီပီကေအက်စ်) ပါတီရဲ့ အမျိုးသား လွှတ်တော်အမတ် ဦးခက်ထိန်နန်က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်က ဒီ စခန်းတွေမှာ ဒုက္ခသည် ၂သောင်းလောက်ရှိရာက အခုဆိုရင် ၂သောင်း ၃ ထောင်ကျော်လောက်ရှိနေတယ်လို့ ဆိုပါတယ်။ အစိုးရပိုင်းကရော ကုလသမဂ္ဂ အပါအ၀င် ပုဂ္ဂလိက အလှူရှင်တွေကပါ ကချင် ဒုက္ခသည်စခန်းတွေဆီ သွားရောက်ပြီး လိုအပ်တဲ့ အမိုးအကာတွေ ထောက်ပံ့ရေး နဲ့ ဒုက္ခသည်စခန်းရှိ ကျောင်းသားများ စာသင်ကြားနိုင်ရေးအတွက် ကူညီနေတယ် လို့ ပြောပါတယ်။

ဒါပေမယ့် နယ်စပ်မှာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့ မြို့ပေါ်က ဒုက္ခသည်တွေ အထောက်အပံ့ ရရှိမှုကတော့ ကွာခြားတဲ့အကြောင်းလည်း ဦးခက်ထိန်နန်က ရှင်းပြပါတယ်။

“ကျနော်တို့ အစိုးရပိုင်းက လက်လှမ်းမီတဲ့ဘက်မှာတော့ ကူညီစောင့်ရှောက်တာ ၀ိုင်းဝန်းဆောင်ရွက်တဲ့ အခြေအနေ နည်းနည်းကောင်းတာပေါ့။ ဒါပေမယ့် အစိုးရပိုင်းလက်လှမ်းမမီတဲ့၊ အခြား ဒေသမှာရှိနေတဲ့ နယ်စပ်နားမှာရှိတဲ့နေရာတွေကျတော့ ပို ခက်ခဲနိုင်တယ်။”

အခုရက်ပိုင်းအတွင်းမှာတော့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာ နဲ့ ပြည်တွင်းငြိမ်းချမ်းရေးပူးပေါင်း ကော်မတီအဖွဲ့ဟာ ကချင်ဒေသအပါအ၀င် ပြည်နယ်နဲ့တိုင်း ၁၄ ခု ကိုလည်း သွားရောက်လေ့လာဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013