ကော့သောင်းတွင် စိတ်ကြွဆေးပြား ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းမိ

1.4K
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ကော့သောင်းမြို့ မူးယစ်တပ်စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးမြင့်ထွန်း ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကော့သောင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဟန်ဘိုဘိုထွန်းနဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးသတင်းအရ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်၊ မြရည်ပုလဲလမ်း၊ အမှတ် (၈၅၈)နေ အောင်ကျော်စိုးရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးချိန် ဖမ်းဆီးရမိခဲ့တာပါ။
တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာချိန်မှာ အောင်ကျော်စိုးက နေအိမ်အနောက်ဘက်ကို ထွက်ပြေးသွားပြီး အထုပ် ၂ ထုပ်ကို အိမ်နောက်ဖေး ခြံဝင်းထဲကို လွှင့်ပစ်လိုက်လို့ ၂ ထုပ်ကို သက်သေတွေရှေ့မှာ ကြည့်ရှုစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၄၀ ထုပ်၊ ပေါင်း ၈၀၀၀ ပြားနဲ့ အမည်းရောင် ပလတ်စတစ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ ၅ ထုပ်နဲ့ ၁၀၀ ပြားပါ ၁ ထုပ်၊ ပေါင်း ၁၁၀၀ ပြား၊ စုစုပေါင်း စိတ်ကြွမူးယစ်ဆေးဝါး ၉၁၀၀ ပြား ကာလတန်ဖိုး ကျပ်သိန်း ၄၀၉၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ကော့သောင်းရဲတပ်ဖွဲ့စခန်းက အောင်ကျော်စိုးကို မူးယစ်ဆေးဝါး ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း - လတ်ကိုကိုဦး