DVB Logo
Home
မေးမြန်းခန်း
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စားပြုမှုများ ပိုမိုပါဝင်ရေး တိုက်တွန်း
DVB
·
May 15, 2012
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စားပြုမှုများ ပိုမိုပါဝင်ရေး တိုက်တွန်း
Donate to DVB

မကြာသေးခင်က ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသမီး ၂ ဦးပါဝင်လာမှု အပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ကြိုဆိုလိုက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုကို အစပျိုးနိုင်ရေး အတွက် အမျိုးသမီးကိုယ်စားပြုမှုကို ဦးသိန်းစိန်အစိုးရအနေနဲ့ ယခုထက်ပို၍ အလေးအနက် ထားဖို့လည်း တောင်းဆို လိုက်ပါတယ်။

ဘာကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်သင့် သလဲဆိုတာနဲ့ ပတ်သက်ပြီး အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို ကို ဆက်သွယ်မေးမြန်း ထားပါတယ်။

“အခုလက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင် မှုတွေ လုပ်နေတဲ့နေရာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီးတော့ ထည့်သွင်း စဉ်းစားပေးဖို့ အတွက်ကို တိုက်တွန်း ချင်တဲ့ ဆန္ဒပေါ့။ ပြီးတဲ့ အခါကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ဦးဆောင်မှု အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်စေချင်တယ်။ သူကလည်း မြန်မာနိုင်ငံမှာ တကယ့်ငြိမ်းချမ်းရေး ရဖို့အတွက်ကို တရားဥပဒေ စိုးမိုးရေးတွေ၊ သေချာ မီးမောင်း ထိုးပြပြီး တောက်လျှောက်ဆွေးနွေး ပြောဆိုမယ့်သူ တယောက် လည်း ဖြစ်တယ်။ ပြီးတော့မှ တခြားတိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း သူပါလာဖို့ အတွက် ကို တောင်းဆိုထားတာ ရှိတယ်။ အဲဒါကို အမျိုးသမီးများ အဖွဲ့ချုပ်အနေနဲ့ ထပ်လောင်းတိုက်တွန်းတဲ့ သဘောမျိုးပါ။

“အရေးကြီးတာက အခုလိုမျိုး ပြည်လုံးကျွတ် ငြိမ်းချမ်းရေးတခုကို လုပ်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေရဲ့ ပါဝင်မှုအပြင် ဒီအမျိုးသမီးတွေအတွက် တကယ်ပဲ သေသေချာချာ သူတို့ကို လုံခြုံမှုတွေ ပေးနိုင်မယ့် အနေအထားမျိုး ဖန်တီးပေးဖို့လိုတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ရှိစေချင်တယ်။ သူတို့ရဲ့ ပါဝင်မှုရှိမှသာ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ၊ ဖြစ်သင့်တဲ့ အနေအထားတွေကို ထည့်သွင်း စဉ်းစား ဖော်ပြပေးနိုင်မယ်။ အဲလိုရည်ရွယ်ချက်တွေနဲ့ပါ။”

အသစ်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ အမျိုးသမီးတွေ ပါဝင်လာတာတွေ့တယ်။ ဆိုတော့ ဒီအပေါ်မှာရော အစ်မအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ

“နိုင်ငံရေးအခင်းအကျင်း တခုလုံး ဒီဘက်နောက်ပိုင်းမှာ ဖြစ်နေတာကို ကြည့်မယ်ဆိုရင် အမျိုးသမီးတွေ တဖြည်းဖြည်းနဲ့ ပါဝင်လာတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာ ကျမတို့အနေနဲ့ အရမ်းကို ကြိုဆိုတယ်။ ၀မ်းသာတယ်။ အခုလည်းပဲ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ တိုင်းရင်းသူ အမျိုးသမီး အမတ် ၂ ဦးကို ထည့်သွင်းလာတဲ့အတွက် တရားဝင် ဦးသိန်းစိန် အစိုးရကို ကြိုဆိုထားတယ်။ ဒါပေမယ့် ထပ်ပြီးတော့မှ တင်ပြတောင်းဆိုထားတာ ထောက်ပြထားတာက ဒီထက်ပိုမိုတဲ့ ပါဝင်မှုလေးတွေ ရှိဖို့လိုအပ်သလို၊ တပြိုင်နက်တည်းမှာ ပါဝင်လာတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ကိုယ်စားပြုမှုက ပါဝင်ရုံ သက်သက် မဟုတ်ဘဲနဲ့ တကယ်ပဲ ဦးဆောင်ဦးရွက် ပြောဆိုနိုင်တဲ့သူမျိုးပေါ့၊ အဲလိုအဆင့်ထိကို ပါဝင်လာဖို့ ကျမတို့က တိုက်တွန်းချင်တဲ့ ဆန္ဒပေါ့။ အဲဒီလို လုပ်လာပေးတာကို တပြိုင်တည်းမှာပဲ ၀မ်းသာကြို ဆိုသလို၊ ခုနလို ပိုပြီးမှ ထည့်သွင်း စဉ်းစားမယ်ဆိုတာကို ထောက်ပြထားတာပေါ့။”

အမျိုးသမီးတွေအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးမှာ ဘာကြောင့်ပါဝင်ဖို့ အရေးကြီးရတာလဲရှင့်။

“ကျမတို့ တောက်လျှောက်ပြောနေတာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ။ ထူးခြားချက်က ဘာလဲဆိုတော့ သူတို့က စစ်ပွဲတွေ ဖြစ်တိုင်းမှာ အမြဲတမ်း အဓိက ပစ်မှတ်ထားခံရတဲ့ လူထုတရပ်အနေနဲ့ အမြဲတမ်းဖြစ်နေရတာတခု၊ နောက်တခုက တောက်လျှောက်ဖြစ်စဉ်တွေကော အခုလက်ရှိ အနေအထားတွေမှာပါ အမျိုးသမီးတွေက တကယ့် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အစစပေါ့။ အဲဒီလိုမျိုး၊ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဦးဆောင်လုပ်လာကြတဲ့သူတွေလည်း အများကြီးပဲ ရှိနေတယ်။ နောက် သူတို့စဉ်းစားချက်တွေက အများစုက တကယ့်အောက်ခြေလူထုတွေရဲ့ တွေ့ကြုံခံစားနေရတဲ့ အနေအထားကို ပိုပြီးတော့ မီးမောင်းထိုးပြနေတဲ့ အနေအထားမျိုးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေက အလုပ်လုပ်တဲ့နေရာမှာ အောက်ခြေလူထုနဲ့ ပိုပြီးနီးစပ်တဲ့ ၀န်ဆောင်မှုပေးတဲ့ဟာတွေ၊ စွမ်းအင်မြှင့်တင်ပေးတာတွေ၊ သူတို့နဲ့ လက်တွဲပြီးလုပ်နေတဲ့ အနေအထားတွေက ပိုဖြစ်နေတဲ့ အနေအထားမျိုးပေါ့။

“အဲဒါကြောင့် လူထုအခြေပြု လူ့အဖွဲ့အစည်းလို့လည်း တပြိုင်နက်တည်းမှာ ခေါ်လို့ရတယ်။ အမျိုးသမီး အများစုက အဲဒီမှာလည်း လုပ်ကိုင်နေကြတယ်။ သူတို့ရဲ့ ထူးခြားတဲ့ စဉ်းစားချက်တွေက ဒီငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေအတွက် ပိုပြီးတော့မှ အထောက်အကူ ပြုပေးနိုင်မယ်။ ပိုပြီးတော့မှ အဆင်ပြေနိုင်မယ့် အနေအထားတခုကို လမ်းကြောင်းပေးနိုင်မယ်လို့လည်း ကျမတို့မြင် တယ်။ ပြီးတော့မှ ဒီအမျိုးသမီးတွေမှာလည်း သူတို့တွေရဲ့ စဉ်းစားချက်တွေ သူတို့ရဲ့ နိုင်ငံအတွက် ဖြစ်စေချင်တာတွေ၊ ရှုထောင့်ပေါင်းစုံက ဖြစ်စေချင်တဲ့ပုံစံက အများကြီးရှိတယ်။ တချို့ကိစ္စတွေက အမျိုးသမီးတွေအများကြီး စဉ်းစားဖြစ်ချင်မှ စဉ်းစားမယ်။

“ဥပမာ အခု အပစ်အခတ်ရပ်စဲရေးကိစ္စတွေ သွားပြောနေတဲ့ အများစုပေါ့။ ကျမတို့လေ့လာကြည့်မယ် ဆိုရင် ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီးပေါ် အကြမ်းဖက်မှုကိစ္စတွေ၊ ဒါမျိုး ထည့်သွင်းပြောပြတာ မရှိဘူး။ တခြားအများစု အဖွဲ့အစည်းတွေမှာပေါ့။ ဒါပေမယ့် ကေအန်ယူမှာ ဆိုရင် နောက်ပိုင်းမှာ အမျိုးသမီးတွေက တက်တက်ကြွကြွနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုရှိလာဖို့ အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားပေးဖို့၊ ပြောဆိုလာတယ်။ သူတို့ တောင်းဆိုချက်တွေမှာ အစိုးရနဲ့တွေ့ဆုံ တောင်းဆိုချက်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ စဉ်းစားပေးဖို့၊ အမျိုးသမီးတွေရဲ့ အခြား အထွေထွေ တွေ့ကြုံခံစားရတဲ့ အနေအထားတွေကို စဉ်းစားပြီးတော့ မှ ပြင်ဆင်ထားပေးဖို့ အဲဒါမျိုးလေးတွေ တောင်းဆိုလာတာမျိုးတွေ ရှိတယ်။ ဒါက ထူးခြားတဲ့ အနေအထားလေးတခု။ ဒါကို ကျမတို့ မီးမောင်းထိုးပြချင်တာပါ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီး ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွင် အမျိုးသမီးကိုယ်စားပြုမှုများ ပိုမိုပါဝင်ရေး တိုက်တွန်း