A d v e r t i s e m e n t With Us

မက္ကဆီကိုတွင် ဗန်ကား ၂ စီးပေါ် ရဟတ်ယာဉ်ပျက်ကျ၊ ၁၃ ဦးသေဆုံး

မက္ကဆီကိုနိုင်ငံ အောက်ဆာကာပြည်နယ်က မြို့ငယ်တမြို့မှာ စစ်သုံး ရဟတ်ယာဉ်တစီး ပျက်ကျလို့ ကလေး ၃ ယောက် အပါအဝင် မြေပ်ါက လူ အနည်းဆုံး ၁၃ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့်ဖြစ်တဲ့ အပျက်အစီးတွေကို စစ်တမ်းကောက်နေတဲ့ ထိပ်တန်း အရာရှိတွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ပါ။ မက္ကဆီကို ပြည်ထဲရေးဝန်ကြီးနဲ့ အောက်ဆာကာ ပြည်နယ် အုပ်ချုပ်ရေးမှူးတို့ကို တင်လာတဲ့ ရဟတ်ယာဉ်ဟာ စန်တီယေဂို ဂျမီလ်တီပက်မြို့က ဟင်းလင်းပြင်မှာဆင်းဖို့ ကြိုးစားနေတုန်း ဗန်ကား ၂ စီးပေါ်ကို ပျက်ကျခဲ့တာပါ။ အရာရှိကြီး ၂ ယောက်က ရှင်သန်လွတ်မြောက်ပေမယ့် အခင်းဖြစ်ရာ နေရာမှာ လူ ၁၂ ဦး သေဆုံးပြီး ၁ ဦးကတော့ ဆေးရုံမှာ သေဆုံးတယ်လို့ အောက်ဆာကာ ပြည်နယ် ရှေ့နေချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ နောက်ထပ် လူ ၁၅ ယောက်လည်း ဒဏ်ရာရပါတယ်။ “ငလျင်ကြောင့် တမြို့လုံး မီးပျက်နေတယ်။ အမှောင်ထဲမှာ နေရတယ်/ ဒါပေမယ့် အုပ်ချုပ်ရေးမှူးက ကူညီဖို့လာရမယ့်အစား သူ့ကို ပြန်ကူညီနေရတယ်” လို့ ရဟတ်ယာဉ်ပိသေဆုံးသူရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။ မက္ကဆီကိုနိုင်ငံအတွင်း ရစ်ချတ်တာ စကေး ၇ ဒသမ ၂ ရှိတဲ့ ငလျင်ကြောင့် မက္ကဆီကို နိုင်ငံ တောင်ပိုင်းနဲ့ မက္ကဆီကို စီးတီးမြို့တော်မှာ အိမ်ခြေနဲ့ စီးပွားရေးလုပ်ငန်း ၁ သန်းလောက် လျှပ်စစ်မီးမရှိဘဲ နေနေရတာပါ။ အောက်ကာစာ ပြည်နယ်မှာတော့  အိမ်ခြေ ၅၀ လောက် ပျက်စီးပါတယ်။

A d v e r t i s e m e n t With Us

More News
Up