DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာစက်မှုဇုန် ၃ တွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
DVB
·
May 15, 2012
Donate to DVB

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ က အထည်ချုပ်စက်ရုံတခုမှာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက်  အလုပ်သမားတွေ ရာချီပြီး ဒီမနက်မှာ အလုပ်မဆင်းဘဲ ဆန္ဒပြကြပါတယ်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် အမှတ် ၃ က တရုတ်နိုင်ငံသားပိုင် ပရိုတင်း အထည်ချုပ်စက်ရုံမှာ  အလုပ်သမား ၅၀၀ လောက်ဟာ  အလုပ်ချိန်များပြီး လုပ်ခလစာ နည်းနေတဲ့အတွက် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုကြတာ ဖြစ်ပါတယ်။

မနက် ၈ နာရီလောက်ကစပြီး အဲဒီအလုပ်သမားတွေဟာ အလုပ်မဆင်းဘဲ အလုပ်ရုံရှေ့မှာ စုရုံးဆန္ဒပြကြတယ်လို့ ဆန္ဒပြတဲ့နေရာကို ရောက်ခဲ့သူတဦးက ဆိုပါတယ်။

ဆန္ဒပြအလုပ်သမားတွေက အလုပ်ရှင်ဆီမှာ တောင်းဆိုတဲ့ အချက် ၁၃ ချက် ခန့် ရှိတယ်လို့  သိရပါတယ်။ ဆန္ဒပြမှုကို သွားရောက်ခဲ့သူ မချိုမွန်က

“လစာနည်းလို့ ရှားပါးစရိတ် ၃ သောင်း တောင်းတယ်။ အထက်က၀န်ထမ်းတွေ က အောက်က ၀န်ထမ်းကို အရမ်းဖိနှိပ်တာ၊ အဲဒါတွေ မဖိနှိပ်ဖို့၊ နေမကောင်းလို့ ရက်ပျက်တဲ့အခါကျရင် အတိုင်းအတာ မရှိ ဖြတ်တာပေါ့။ ၂ ရက်လောက်ကို ၁ သောင်းခွဲလောက် ဖြတ်တာ။ အဲဒါတွေ မဖြတ်ဖို့တောင်းတယ်။ နှစ်ကြေးကိုကျတော့ တနှစ်ကို ၁ သောင်း တိတိကျကျပေးဖို့၊ အလုပ်လာချိန် နောက်ကျရင် ၅ မိနစ်လောက် ကို ၁၅၀၀ ဖြတ်တယ်။ အဲဒါမဖြတ်ဖို့။ နောက်ပြီး အစိုးရရုံးပိတ်ရက်တွေမှာ ပိတ်ပေးဖို့၊ တနင်္ဂနွေနေ့မှာ ခေါ်တာတွေ၊ အဲဒါတွေကို ပိတ်ပေးဖို့၊ လစာကို အလုပ်သမားတွေ ကို သေချာသိအောင် တွက်ပြပေးဖို့” စတဲ့ အချက်တွေပါတယ်လို့ ပြောပါတယ်။

ပရိုတင်းအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၂၀၀ လောက်ရှိပြီး အလုပ်သမား တ၀က်နီးပါး ဆန္ဒပြကြတာပါ။ အလုပ်သမားတွေ အခုလို ဆန္ဒပြတဲ့အတွက် အလုပ်ရှင်ဘက်က ညှိနှိုင်းဆောင်ရွက်တာ မျိုး မရှိသေးဘဲ အလုပ်ဆင်းဖို့ တိုက်တွန်းနေတယ်လို့ မချိုမွန်က ပြောပါတယ်။

“အခု ဒီမနက်တွေ့တာတော့ အကုန်အပြင်ထွက်နေကြတယ်။ မနက် ၈ နာရီ အလုပ်ဆင်းရတယ်လေ။ တချို့ဝင်သွားတဲ့ သူတွေလည်း ရှိတယ်။ တချို့မ၀င်ကြဘူး။ ၀င်သွားပြီးမှ ပြန်ထွက်လာတဲ့ သူတွေလည်းရှိတယ်။ တချို့တ၀က်လည်း အထဲမှာရှိနေသေးတယ်။ အပြင်ကို ထွက်လို့မရဘူး အဲ့လို။

“သူတို့က အခု စာရွက်တွေ တယောက် တရွက်စီပေးတယ်။ ကိုယ်လိုချင်တဲ့ အချက်တွေတောင်း ဆိုတော့ သူတို့က အချက် ၁၃ ချက်ကို ရေးလိုက်တယ်။ ပြီးရင် အလုပ်သမားရုံးက လူကြီးတွေ လာရင် တင်ပြမယ်။ တလမ်းကို တယောက်ထွက်ပြီး တင်ပြမယ်။ တကယ်လို့ အပြင်ထွက်ပြီး တင်ပြတဲ့ လူတွေကို တခုခုလုပ်မယ်ဆိုရင် ကျန်တဲ့ စက်ရုံက အလုပ်သမားတွေကလည်း ငြိမ်မနေကြဖို့ မနက်က ပြောနေကြတယ်။ အလုပ်ရှင်ဘက်ကတော့ မလိုက်လျောသေးဘူး။ ထွက်ပြီးတော့ ခေါ်တော့ ခေါ်နေသေး တယ်။ နင်တို့တွေ ထမင်းရှင်ကို မစော်ကားနဲ့တို့ ထွက်ပြောနေ တာ တွေ့ရတယ်။ အလုပ်သမားတွေ က လက်မခံဘူး။”

လှိုင်သာယာမှာ မနေ့ကလည်း စက်မှုဇုန် ၄ က စပယ်ပွင့် အထည်ချုပ်စက်ရုံ နဲ့ စက်မှုဇုန် ၅ က တော်ဝင် ဖိနပ် စက်ရုံမှာ လုပ်ခလစာ တိုးမြင့်ရေး အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
လှိုင်သာယာစက်မှုဇုန် ၃ တွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ