Home
မြန်မာသတင်း
ဒုက္ခသည် ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ်၊ ကုလတို့နှင့် ပူးပေါင်းလုပ်နေရခြင်းကြောင့် ကြန့်ကြာနေ
DVB
·
February 16, 2018
ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် ဘင်္ဂလာဒေ့ရှ်အစိုးရ၊ ကုလသမဂ္ဂတို့နဲ့ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေရတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ လူကယ်ပြန်ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ တဖက်ဘင်္ဂလားဒေ့ရှ် နိုင်ငံထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အခုလို အချိန်ကြန့်ကြာနေရာတဲ့ အကြောင်းအရင်းက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR တို့ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေရတဲ့အတွက်ကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်ကြီးတွေအပါအဝင် ကုလသမဂ္ဂ လက်အောက်ခံ UN အဖွဲ့အစည်းနဲ့ အစိုးရအဖွဲ့တို့ မောင်တောကအပြန် စစ်တွေလေဆိပ်မှာ အခုလိုပြောဆိုလိုက်တာပါ။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “ဝင်လာဖို့အတွက် ကျနော်တို့ စီစဉ်ဆောင်ရွက်နေရတဲ့ ကိစ္စတွေမှာ ကြန့်ကြာတာပဲဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက အထဲမှာ ပျံ့နှံ့နေတယ်လို့ပြောတယ်။ ကျနော်တို့ကနေပြီးတော့ လွယ်အောင်ဆိုပြီးတော့ စာရင်းပေးလိုက်တယ်။ ဒီစာရင်းထဲက လူတွေကို ရှာဖွေရတယ်။ ပြန်လာဖို့အတွက် စီစဉ်ရတယ်။ ပြန်လည်စီစဉ်တော့ မကြာသေးခင်းက UNHCR က ဘင်္ဂလားဒေ့ရှ်မှာ လက်မှတ်ထိုးတယ်လို့ ပြောပါတယ်။ UNHCR က ပြန်လည်လက်ခံရေး၊ ပြန်လည်ပို့ဆောင်ရေးတွေမှာ ကျွမ်းကျင်တဲ့အတွက်ကြောင့် ဒါတွေနဲ့ လက်မှတ်ထိုးပြီးနောက်ပိုင်းမှာမှ စိစစ်ရေးတွေလုပ်ရတယ်။ အဲဒါကြောင့် စိစစ်ပြီးလို့ လူတွေကို စုစည်းပြီးလို့ရှိရင် စာရင်းတွေကို ကျနော်တို့ဆီကိုပို့ရတယ်။ စုစည်းပြီးတော့လည်း တနေရာမှာ သူတို့တွေကို ထားရတယ်။ အဲဒီကနေ့တဆင့် ကျနော်တို့နိုင်ငံကို ပြန်ပို့ရတယ်။ အဲဒီ Proesses တွေမှာ အချိန်ယူရတာဖြစ်မယ်။” ဒီကနေ့အချိန်အထိတော့ ဒုက္ခသည်တွေ ပြန်လာမယ့် လူဦးရေအတွက် အဆင့်သင်ဖြစ်နေပြီး လူပေါင်း ၂၀၀၀၀ လောက်ကို ထားမယ့်နေရာတွေဟာလည်း အဆင့်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် အခု ဆောက်လုပ်နေတဲ့ အဆောက်အဦတွေဟာလည်း လာမယ့်မတ်လမှာ  ပြီးစီးတော့မယ်လို့ ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ “အခုလုပ်ငန်း တော်တော်လေးကို ပြီးစီးနေပြီ၊ လာမယ့်မတ်လ ၁၅ ရက်နေ့ဆိုရင် အကုန်ပြီးစီးမယ်။ အခုကျနော်တို့ အများကြီး လက်ခံလို့ရတယ်။ အဲဒါပြီးသွားရင် ၃ သောင်း လောက်အထိ ထားလို့ ရတယ်ပေါ့။ အခုကတော့ ၂ သောင်းလောက် ထားလို့ရတယ်” လို့ ပြောပါတယ်။ ဒီခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပုအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့က လူ/ကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့ ပါဝင်ကြပါတယ်။ ဒါ့အပြင် ဂျာမနီ၊ အီဂျစ်၊ အစ္စရေး၊ ဖင်လန်၊ နော်ဝေ၊ အီတလီ၊ နယ်သာလန်၊ ဘရာဇီး၊ သီရိလင်္ကာ၊ ပိုလန်၊ ဒိန်းမတ်၊ နယူးဇီလန်၊ ဆွီဒင်၊ စတဲ့ နိုင်ငံအသီးသီးက သံအမတ်ကြီးတွေနဲ့ သံရုံးတာဝန်ခံတွေ သွားရောက်ခဲ့ကြတာပါ။ သတင်း၊ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024