A d v e r t i s e m e n t With Us

ယူရိုပါလိဂ်ပွဲတွင် အာဆင်နယ်က ဆွီဒင်ကလပ်ကို ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ယူရိုပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နဲ့ ဆွီဒင်ကလပ် အော့စတာဆန်စ်တို့ မနေ့က ယှဉ်ပြိုင်ရာ အာဆင်နယ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ လက်ရှိ အဆင့် ၆ နေရာမှာပဲ ရပ်တည်နိုင်တဲ့အတွက် လာမယ့်ရာသီ ဥရောပအဆင့် ပြိုင်ပွဲတွေ ဝင်ပြိုင်ခွင့်ရဖို့ မရေမရာ ဖြစ်နေလို့ ယူရိုပါလိဂ်ကို အာရုံစိုက်ပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားတာပါ။ အာဆင်နယ်ဟာ ဝဲလ်ဘက်၊ အိုင်ဝိုဘီ၊ အိုဇေးလ်၊ မစ်ခီတာယန်း၊ အယ်လ်နန်နီ၊ မူစတာဖီ၊ ဘယ်လာရင် စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာပြီး ဂိုးသမားအဖြစ် အော့စ်ပင်နာကို အသုံးပြုခဲ့ပါတယ်။ ပွဲအစ ၁၃ မိနစ်မှာပဲ မွန်ရီယယ်က အာဆင်နယ်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ၂၄ မိနစ်မှာတော့ မစ်ခီတာယန်း ကန်သွင်းလိုက်တဲ့ဘောလုံး အော့စတာဆန်ဒ် နောက်ခံလူနဲ့ထိပြီး ဂိုးဝင်သွားလို့ ပထမပိုင်းအပြီးမှာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အော့စတာဆန်စ်ရဲ့ကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ ယူနိုင်ခဲ့သလို ထိုးဖောက်ကန်သွင်းခွင့်မှာလည်း အသာရခဲ့ပါတယ်။ အာဆင်နယ်အတွက် အပိတ်ဂိုးကိုတော့ ပွဲချိန် ၅၈ မိနစ်မှာ အိုဇေးလ်က အနီးကပ်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အာဆင်နယ်အတွက် အကောင်းဆုံး ခြေစွမ်းပြပြီး ခံစစ် တိုက်စစ် ဟန်ချက်ညီ လိုက်ပါကစားနိုင်တဲ့ ကွင်းလယ်လူ အယ်လ်နန်နီကို အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပထမအကျော့မှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့အတွက် နောက်တဆင့်တက်ဖို့ အခြေအနေကောင်းသွားပြီး ဒီနှစ်သင်းရဲ့ ဒုတိယအကျော့ပွဲစဉ်ကိုတော့ အာဆင်နယ်ကွင်းမှာ လာမယ့် ဖေဖော်ဝါရီ ၂၃ ရက်နေ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up