လွှတ်တော်ငြိမ်းချမ်းရေးကော်မတီ တိုင်းရင်းသားဒေသများကို သွားရောက်မည်
DVB
·
May 14, 2012
လွှတ်တော်အစည်းအဝေးတွေ ခေတ္တရပ်နားထားချိန်မှာ လွှတ်တော်အသီးသီးက တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပူးပေါင်း ကော်မတီအဖွဲ့ဝင်တွေဟာ စစ်ဖြစ်ပွားနေတဲ့ ကချင်၊ ရှမ်း ပြည်နယ် အပါအဝင် ပြည်နယ်နဲ့တိုင်းတွေကို သွားရောက်ဖို့ စီစဉ်နေကြပါတယ်။
အမျိုးသား လွှတ်တော်အမတ် ၁၄ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၁၅ ဦး စုစုပေါင်း ၂၉ ဦး ပါဝင်တဲ့ ကော်မတီအဖွဲ့တွေက မေလ ၂၂ ရက်နေ့မှာ နေပြည်တော်ကနေ တိုင်းနဲ့ပြည်နယ်အသီးသီးကို အဖွဲ့တွေခွဲပြီး သွားရောက်ဖို့ စီစဉ်နေတာပါ။
ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ အခုလို နယ်လှည့်ခရီး သွားရောက်ရေး ကိစ္စအတွက် ဆွေးနွေးခဲ့ပြီး အမတ်တဦးဟာ တိုင်းနဲ့ပြည်နယ် ၂ ခုကို သွားရောက်နိုင်တယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ် သွားရောက်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင် လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က အခုလို ပြောပါတယ်။
“သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့မယ်။ ရပ်မိရပ်ဖတွေနဲ့ တွေ့မယ်။ ငြိမ်းချမ်းရေး. လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တာတွေနဲ့ တွေ့ကြမယ်လို့တော့ နောက်ဆုံးပိတ် အစည်းအဝေးမှာ အကြမ်းဖျင်းဆွေးနွေးကြတယ်။ ”
လွှတ်တော်အမတ်တွေ သွားရောက်မယ့်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဥက္ကဋ္ဌတွေဖြစ်တဲ့ ဦးသိန်းဇော်နဲ့ ဦးစိုင်းပေါင်နပ်ထံကို စာတင်ထားပြီး အကြောင်းပြန်ကြားချက် မရရှိသေးဘူးလို့စုံစမ်းသိရပါတယ်။