Home
မြန်မာသတင်း
အန်စီအေတွင် ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ပါဝင်ရန် မလွယ်တော့
ရွှေအောင်
·
February 14, 2018
အစိုးရအနေနဲ့ ယူအန်အက်ဖ်စီ တပ်ပေါင်းစုလက်ကျန်   ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)နဲ့ တဖွဲ့ချင်း ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပြီး ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ကတော့ အပစ်ရပ်စာချုပ်မှာ ပါဝင်နိုင်ဖို့ မလွယ်တော့ဘူးလို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပွဲအပြီး လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဌေးက တပ်ပေါင်းစုလက်ကျန် ၂ ဖွဲ့နဲ့ ပတ်သက်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ "ANC တဖွဲ့တည်းကိုတော့ သီးသန့်လုပ်ဖို့ရာခက်တယ်။ အခွင့်အရေးတွေ အများကြီး ပေးခဲ့တယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ တပ်ပိုင်းဆိုင်ရာကိစ္စဆိုရင် ANC မှာ တပ်တောင် မရှိဘူး။ UNFC မှာ နှစ်ဖွဲ့ပဲ ကျန်တော့တယ်။ KNPP က Bilateral သွားမယ်၊ ANC အနေနဲ့ NCA ထိုးဖို့ခက်သွားပါပြီ။”လို့ ဦးဇော်ဌေးကပြောပါတယ်။ ANC အနေနဲ့  ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တခြားတနည်းနည်းနဲ့ ပါဝင်လို့ ရနိုင်ပါတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် တပ်ဖွဲ့အခြေစိုက်ရာနယ်မြေမရှိတဲ့ လားဟူဒီမိုကရက်တစ်အစည်းရုံးနဲ့ ရခိုင်ပြည်အမျိုးသားကောင်စီတို့ အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရှိတဲ့ အပေါ် လားဟူတပ်ဖွဲ့က လက်ခံပေမယ့် အေအန်စီက လက်မခံလို့ လက်မှတ် မထိုးဖြစ်တာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်အမျိုးသားကောင်စီ (အေအန်စီ)ကတော့ တန်းတူမှုမရှိတာနဲ့ အားလုံးပါဝင်ခွင့် မပေးလို့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးတာလို့ ထုတ်ပြောထားပါတယ်။ အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးထွန်းဇော်က ယူအန်အက်ဖ်စီအနေနဲ့ ဆက်ရှိနေမှာဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်မယ်လို့ ပြောပါတယ်။ “တပ်ပေါင်းစု ယူအန်အက်ဖ်စီ ပေါ်ပေါက်လာတာ အန်စီအေ လက်မှတ်ရေးထိုးဖို့ ပေါ်ပေါက်လာတာ မဟုတ်ဘူးလေ။ ဒီကနေပြီးတော့ လက်မှတ် မရေးထိုးရင်လည်း ယူအန်အက်ဖ်စီက ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ယူအန်အက်ဖ်စီက လုပ်ဆောင်မယ့် နည်းနာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုမှာ ပြန်လည် သုံးသပ်ရမယ့်အပိုင်းပဲ ဖြစ်ပါတယ်” အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်အရတော့ အစိုးရက ယူအန်အက်ဖ်စီတပ်ပေါင်းစုနဲ့ ဆက်လက် ဆွေးနွေးတော့မှာ မဟုတ်ပါဘူး။ ယူအန်အက်ဖ်စီကို လက်ရှိ ဦးဆောင်နေတဲ့  မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်  နိုင်ထောမွန်ကတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးနဲ့ ပဋိပက္ခဒဏ်ကို ခါးစည်းခံနေရတဲ့ တိုင်းရင်းသားပြည်သူတွေအပေါ် သစ္စာမမဲ့၊ ကိုယ်လွတ်ရုန်းမှာ မဟုတ်ဘူးလို့ ကတိပြု ပြောထားပါတယ်။ Photo : Arakan National Council-ANC

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024