အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ နဲ့ နောက်တကြိမ် ပြန်လည် ဆွေးနွေးတဲ့အခါ ရှမ်းပြည်တပ်မတော်နဲ့ ဆက်စပ်ပြီး ထောင်သွင်း အကျဉ်းကျခံနေရတဲ့ သူတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုမယ်လို့ အက်စ်အက်စ်အေ က ပြောပါတယ်။
ရှမ်းပြည်တပ်မတော်တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဟာ လာမယ့် မေ ၁၉ ရက်နေ့ကျရင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ နောက် ထပ် တွေ့ဆုံ ဆွေးနွေး မှာ ဖြစ်ပြီးတော့ အက်စ်အက်စ်အေနဲ့ ဆက်စပ်ပြီး ထောင်သွင်း အကျဉ်းကျခံနေ ရတဲ့ အဖမ်းဆီးခံထားရတဲ့ သူတွေ ပြန်လွှတ်ပေးရေး တောင်း ဆိုမယ်လို့ အက်စ်အက်စ်အေတောင် ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။ “ကျနော်တို့ အပစ်ခတ်ရပ်စဲရေးမလုပ်ခင် ဖမ်းဆီးခံခဲ့ရတဲ့ ကျနော်တို့ရဲ့ အရာရှိတွေ၊ တပ်မှူး တပ်သားတွေ၊ ကျနော်တို့ကြောင့် အစိုးရက စွပ်စွဲပြီး အကျဉ်းကျခံနေရတဲ့ ပြည်သူပြည်သားတွေ စာရင်းဇယားတွေ ပြုစုပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုသွားမှာပါ။ သိရှိသမျှ စာရင်းဇယားတွေ နဲ့ တောင်းဆိုသွားမှာပါ။ မသိရှိတဲ့ စာရင်းဇယားတွေအတွက် စုံစမ်းဖော်ထုတ်ပေး မှာပါ။”
ရှမ်းပြည်တပ်မတော်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံနေရတဲ့သူတွေ ၁၀၀ နီးပါးရှိပြီး တချို့တွေဟာ အက်စ်အက်စ်အေ တပ်ဖွဲ့ဝင် မဟုတ်ပေမယ့်လည်း အက်စ်အက်စ်အေသတင်းပေးလို့ ဒါမှမဟုတ် အက်စ်အက်စ်အေကို ထောက်ပံ့လို့ဆိုပြီး အဖမ်းခံရတဲ့သူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အဖမ်းခံထားရ သူ အမည်စာရင်းတွေ အတိအကျသိရဖို့ အချက်အလက်တွေ ရှာဖွေစု ဆောင်းနေတယ် လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆက်ပြောပါတယ်။
အက်စ်အက်စ်အေအဖွဲ့က ထောင်သွင်းအကျဉ်းကျခံနေရသူတွေထဲမှာ တပ်မဟာ ၂၄၁ က အဖွဲ့ဝင် ၃၀ ကျော်လည်းပါဝင်ပြီး ၂၀၀၆ ခုနှစ်က ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းနယ်မြေထဲမှာ အစိုးရနဲ့ တိုက်ပွဲဖြစ်ရာက လက်နက်ချအလင်းဝင်ခဲ့ပေ မယ့် ပြစ်ချက် အမျိုးမျိုးနဲ့ ထောင်ဒဏ်ကျခံနေရ တာ ဖြစ်ပါတယ်။
အစိုးရနဲ့ ရှမ်းပြည်တပ်မတော်တို့ ငြိမ်းချမ်းရေး အတွက် နောက်တကြော့ တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်နေချိန်မှာဘဲ ပြီးခဲ့တဲ့သီတင်းပတ်အထိ နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
ဒီနှစ် ဇန်န၀ါရီလ ၁၆ ရက်နေ့တုန်းက အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ရေး သဘောတူ လက်မှတ် ရေးထိုးခဲ့ပေမယ့်လည်း တိုက်ပွဲတွေ ၁၇ ကြိမ် ဖြစ်ပွားခဲ့သလို ဒီမေလ ၉ ရက်နဲ့ ၁၀ ရက်က လည်း ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်နဲ့ ထိုင်းနယ်စပ် ဟိုမိန်းမြို့နယ်ထဲမှာ တိုက်ပွဲ စုစုပေါင်း ၃ ကြိမ် ဖြစ်ပွားခဲ့တယ်။
အခုတခေါက် တွေ့ဆုံပွဲဟာ ပြည်ထောင်စုအဆင့်အနေနဲ့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ စစ်ပွဲတွေပြန်လည်ဖြစ်ပွားနေတဲ့ကိစ္စ၊ အစိုးရနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စတွေလည်း ဆွေးနွေးမယ်လို့ အက်အက်စ်အေ က ပြောပါတယ်။