လက်တွဲဖော်ရှာဖို့ စိတ်ကူးမရှိသေးဘူးလို့ဆိုတဲ့ တေးသံရှင်ပိုပို
DVB
·
February 14, 2018
အချစ်ရေးနဲ့ပတ်သက်ပြီး ခံစားခဲ့ရဖူးတာတွေကြောင့် လက်တွဲဖော်ရှာဖို့ စိတ်ကူးမရှိသေးဘူးလို့ ဂီတလောကမှာ ကိုယ်တိုင်ရေး တေးသီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူငယ်တေးသံရှင် ပိုပိုက ပြောပါတယ်။
“အထီးကျန်နေတာကို ဖြေသိမ့်ပေးမယ့် လက်တွဲဖော်က ကိုယ့်ကို ဒုက္ခပေးသွားမှာစိုးလို့ မရှာသေးပါဘူး။ အထီးကျန်တာက နေလို့ ကောင်းသေးတယ်။ သူ ရောက်လာမှ ဒုက္ခတွေ ရောက်သွားမှ၊ စိတ်ဆင်းရဲမှတော့ ဘာလုပ်မှာလဲ။ မရှာသေးပါဘူး။ အချိန်တန်ရင် ကိုယ့်ကို တကယ်ချစ်ပြီးတော့ မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တဲ့သူက တနေ့ကျရင် တွေ့လာမှာပါ” လို့လည်း ပိုပိုက ပြောပါတယ်။
ဖြတ်သန်းခဲ့ရတဲ့ အထီးကျန် နေ့ရက်တွေကြောင့် ကိုယ်ပိုင် မိသားစုဘဝလေး ဖန်တီးဖြစ်တဲ့အခါ သားသမီးရတနာ အများကြီးယူဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။
“လောလောဆယ်တော့ တယောက်တည်းပါပဲ။ ပရိသတ်အချစ်တွေနဲ့ပဲ ပို ရှင်သန်နေပါတယ်။ ပို့မှာ မိဘလည်း မရှိဘူး။ မောင်နှမအရင်းလည်း မရှိဘူး။ ပရိသတ်တွေရှိလို့ ပိုပို ဒီအချိန်ထိ ရပ်တည်နိုင်တာပါ။ မိသားစုဘဝလေးတော့ ပို လည်းလိုချင်ပါတယ်။ ပိုက ကလေးတွေအများကြီး မွေးချင်တာ။ ဘာဖြစ်လို့လဲဆိုတော့ ပိုက တယောက်တည်း အထီးကျန်ဆန်ဆန် နေနေရတော့ အဖော်တွေလည်း မရှိဘူး။ အဲဒါကြောင့် ကလေးတွေ အများကြီး မွေးချင်တဲ့စိတ် ရှိတယ်။ မိသားစုတွေအများကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်။ တနေ့နေ့တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" လို့ ပုံဖော်ထုဆစ်ချင်တဲ့ ဘဝအိပ်မက်နဲ့ ပတ်သက်လို့ ပိုပိုက ပြောပြခဲ့တာပါ။
တေးသံရှင် ပိုပိုဟာ "ချစ်ဖူးခဲ့သမျှ"၊ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို"၊ "Master Piece " နဲ့ "သင်္ကြန်ဆုတောင်း" အမည်ရှိ တကိုယ်တော်တေးစီးရီး လေးခွေ ထွက်ရှိထားပြီး “ရှပ် 4 ချစ်သူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်။