အကျင့်ပျက်ဝန်ထမ်းများအား အရေးယူပေးပါ
DVB
·
May 14, 2012
ယနေ့ကျနော်တို့ နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်နှင့် သန့်ရှင်းကောင်းမွန်သော အစိုးရအဖြစ် ဖော်ဆောင်နေသော အချိန်ဖြစ်ပါသည်။ ကျေးလက်ဒေသများမှစ၍ မြို့ကြီးများပါမကျန် တတိုင်းပြည်လုံး ဖွံ့ဖြိုးတိုးတက်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လုပ်ကိုင်နေကြပါသည်။
သို့ပါသော်လည်း ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်မှ အထွေထွေ အုပ်ချုပ်ရေးမှူးသည် မသမာသော နည်းလမ်းဖြင့် အများပြည်သူပိုင် ပစ္စည်းများအား အလွဲသုံးစားပြု၍ ကိုယ်ကျိုးစီးပွားရှာနေပါသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ်တွင် တည်ဆောက်ပြုပြင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေး၊ သဘာဝရေဘေး အန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများမှ တောင်သူလယ်သမားများ၊ မိဘပြည်သူများထံမှ အိမ်ထောင်စု တစုလျှင် ကျပ် ၅၀၀၀ မှ ၇၀၀၀ ထိ ကောက်ခံ၍ ကျပ်သိန်း ၁၇၀ ကျော်ဖြင့် (ဘတ်ဖိုး)မြေတူး၊ မြေကော်စက်တစီးအား ယခင် မဝတ ဥက္ကဋ္ဌ လက်ထက်ကတည်းက ဝယ်ယူတည်ထောင ထားခဲ့ပါသည်။ နှစ်စဉ်တိုင်းလည်း တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်ခဲ့ပါသည်။ သို့သော် ၎င်းလက်ထက်တွင် အထက်အမိန့်အရဆိုပြီး ကျပ်သိန်း ၆,၈၄၀,၀၀၀ ဖြင့် ရောင်းစားခဲ့ပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မြို့မိမြို့ဖများနှင့် ကော်မတီများမှ တားမြစ်ခဲ့သော်လည်း လက်မခံဘဲ ကိုယ်ကျိုးရှာ ရောင်းစား၍ အသုံးပြုခဲ့ပါသည်။
သို့ပါသောကြောင့် နိုင်ငံတော်ကြီး တိုးတက်ကောင်းမွန်ရေးအတွက် ပြုပြင်ပြောင်းလဲ ကြိုးစားဆောင်ရွက်နေချိန်တွင် ယခုလို အကျင့်ပျက် အဂတိ လိုက်စားနေသော၊ နိုင်ငံတော် အစိုးရအပေါ် အကြည်ညိုပျက်စေသော၊ အရုပ်ဆိုး အကျည်းတန်စေသော၊ နိုင်ငံတော် အကြီးအကဲများ၏ ချမှတ်ထားသော မူဝါဒများကို မိမိသဘောဖြင့် သွေဖည်ဆန့်ကျင်သော အကျင့်ပျက်ဝန်ထမ်း ရေတာရှည်မြို့နယ် အုပ်ချုပ်ရေးမှူးအား သန့်ရှင်းကောင်းမွန်သော အစိုးရအဖြစ် တည်ဆောက်နေသော နိုင်ငံတော် အကြီးအကဲများအနေဖြင့် ထိရောက်စွာ အပြစ်ပေး အရေးယူပေးပါရန် တာဝန်သိသော ပြည်သူများက တင်ပြတိုင်ကြားအပ်ပါသည်။
ရေတာရှည်မြို့နယ် ပြည်သူများ