ဓားစားခံ ၁၃ ဦးကို ဘိုကိုဟာရမ်အစ္စလာမ်စစ်သွေးကြွအဖွဲ့ ပြန်လွှတ်ပေး

1.1K
ပြီးခဲ့တဲ့နှစ်တုန်းက နိုက်ဂျီးရီးယား အရှေ့မြောက်ဘက်ကနေ ပြန်ပေးဆွဲခဲ့တဲ့ လူ ၁၃ ဦးကို အစ္စလာမ်စစ်သွေးကြွ ဘိုကိုဟိုရမ်အုပ်စုက ပြန်လွှတ်ပေးလိုက်တယ်လို့ အစိုးရက ပြောလိုက်ပါတယ်။
ပြန်လွှတ်ပေးတဲ့ ၁၃ ဦးထဲမှာ ရဲယာဉ်တန်းကို ဝင်ရောက်တိုက်ခိုက်ချိန် ဖမ်းဆီးခဲ့တဲ့ အမျိုးသမီး ၁၀ ဦးနဲ့ ဆီ စစ်ဆေးရေးခရီးမှာ မိုင်ဒူဂူရီမြို့ကနေ ခေါ်ဆောင်သွားတဲ့ ကထိက ၃ ဦးလည်း ပါတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးရဲ့ အကူအညီနဲ့ သူတို့ကို လွှတ်ပေးလိုက်တာလို့ နိုက်ဂျီးရီးယား သမ္မတ မူဟမ်မာဒူဘူဟာရီရဲ့ ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ၈ နှစ်ကြာ ဘိုကိုဟာရမ်တွေရဲ့ အာဏာဖီဆန် သောင်းကျန်းမှုအတွင်း လူပေါင်း ၂ သောင်းလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီး (အိုင်စီအာစီ) က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အိုင်စီအာစီအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိပဲ ဘက်မလိုက်ပဲ ကြားနေအနေနဲ့သာ ကျင့်သုံးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်မှာ ကမ်မရွန်နယ်စပ်က ဒုက္ခသည်စခန်းကို အိုင်စီအာစီ ယာဉ်တွေရောက်လာပြီး ကူညီခဲ့တာလို့ သတင်းအရင်းအမြစ် တချို့ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနမှာ ဖော်ပြပါတယ်။
အိုင်စီအာစီက ဆူးချုံပုတ် လမ်းတွေထဲ ကားမောင်းသွားခဲ့ပြီး နာရီအနည်းငယ် အကြာမှာတော့ ကယ်ဆယ်လာသူ ၁၃ ဦးကို ဟယ်လီကော်ပတာ လေးစီးနဲ့အတူ မိုင်ဒူဂူရီမြို့ဆီ ခေါ်ဆောင်လာခဲ့တာပါ။ တွေ့ဆုံဆွေးနွေးရေး အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။
၂၀၁၄ ခုနှစ်တုန်းက ချီဘုက်မြို့ကနေ ဘိုကိုဟာရမ်တွေ ပြန်ပေးဆွဲခံခဲ့ရတဲ့ မိန်းကလေး ၂၀၀ ထဲက အချို့ လွှတ်မြောက်ဖို့အတွက် ၂၀၁၇ ခုနှစ် မေလနဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွေကလည်း အိုင်စီအာစီက ကြားဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။
ပျောက်နေဆဲဖြစ်တဲ့ ချီဘုက်မြို့က မိန်းကလေး ၁၀၀ ကျော် အိမ်ပြန်နိုင်ဖို့ နိုက်ဂျီးရီးယားစစ်တပ် အင်အားတိုးမြှင့်ဖို့ သမ္မတ မစ္စတာဘူဟာရီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောလိုက်ပါတယ်။
ဘိုကိုဟာရမ်တွေက အစိုးရကို ဖယ်ရှားပြီး အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်နိုင်ဖို့ တိုက်ပွဲဝင်နေကြတာလို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။