A d v e r t i s e m e n t With Us

အထူး​စီး​ပွား​ရေး​ဇုန်ကိစ္စ ချင်း​တိုင်း​ရင်း​သား​များ​ ​မျှော်လင့်

ချင်း​ပြည်နယ်သား​တွေက အဘက်ဘက်က ဖွံ့​ဖြိုး​မှုနိမ့်​ကျ​နေတဲ့​ သူတို့​ပြည်နယ်မှာ အထူး​စီး​ပွား​ရေး​ဇုန်တခု ​ပေါ်​ပေါက်လာ​ရေး​အတွက် ​မျှော်လင့်​နေကြပါတယ်။ ချင်း​လက်နက်ကိုင်အဖွဲ့​ ချင်း​အမျိုး​သား​တပ်ဦး​နဲ့​ အစိုး​ရအကြား​ ပြည်​ထောင်စုအဆင့်​ အပစ်အခတ်ရပ်စဲပြီး​တဲ့​နောက် ချင်း​အမျိုး​သား​တပ်ဦး​က အထူး​စီး​ပွား​ရေး​ဇုန်တခု ​ဖော်​ဆောင်ဖို့​ အစိုး​ရထံ ​တောင်း​ဆိုခဲ့​တာကို ချင်း​ပြည်သူ​တွေက စိတ်ဝင်စား​နေကြတာပါ။ ချင်း​ပြည်နယ် ဟား​ခါး​မှာ ​နေထိုင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပြည်နယ်စည်း​ရုံး​ရေး​ကော်မတီဥက္ကဋ္ဌ ဦး​ဗန်လျှန်ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ်​တွေလာပြီး​တော့​ အပစ်ရပ်သ​ဘောတူသွား​တဲ့​ အ​ပေါ်မှာ ချင်း​ပြည်သူ​တွေက​ရော ဘယ်လို သ​ဘောထား​ရှိလဲ။ “ချင်း​ပြည်သူ​တွေက​တော့​ ​အေး​ချမ်း​ဖို့​က​တော့​ အား​လုံး​ထောက်ခံတာပဲ။ ဒါ​ပေမဲ့​ အခု​တော့​ ချင်း​ပြည်နယ်မှာ အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​ဖြစ်ဖို့​ ကိစ္စ ဘယ်လိုလာမလဲ ဆိုပြီး​တော့​ အဲဒါပဲ သူတို့​ ​စောင့်​မျှော်​နေကြတယ်။ တကယ်လုပ်ဖြစ်မလား​ မလုပ်ဖြစ်ဘူး​လား​ ဆိုတာကို။ သူတို့​တောင်း​ဆိုတာက​တော့​ အထူး​စီပွား​ရေး​ဇုန် ဖွင့်​ပေး​ပါဆိုပြီး​တော့​ CNF အဖွဲ့​က ​တောင်း​ဆိုတယ်လို့​ ​ပြောတယ်။ ဒါဗဟိုက ဆုံး​ဖြတ်မယ်လို့​ ​ပြော​တော့​ ဘယ်လို အ​ဖြေထွက်လာမလဲဆိုတာကို ပြည်သူ​တွေက ​စောင့်​မျှော်​နေကြတယ်။” CNF အဖွဲ့​အ​ပေါ်မှာ ချင်း​ပြည်သူ​တွေ သ​ဘောထား​က​ရော ဘယ်လိုရှိလဲ။ အထူး​သဖြင့်​ ဦး​လေး​ရဲ့​ သ​ဘောထား​က​ရော ဘယ်လိုရှိလဲ။ “သ​ဘောထား​ဆိုတာက​တော့​ ဒီလို တိုင်း​ပြည်​အေး​ချမ်း​ဖို့​ သူတို့​ အစိုး​ရနဲ့​ ​ဆွေး​နွေး​တာကို​တော့​ ကျ​နော် အ​ကောင်း​ယူဆပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဒီလို လက်နက်စွဲကိုင်ပြီး​တော့​ တိုက်ခိုက်​နေတယ် ဆိုတာဟာ ချက်ချင်း​ တိုင်း​ပြည်အတွက်လည်း​ အကျိုး​သိပ်မရဘူး​။ အဲဒါ​ကြောင့်​မို့​ ငြိမ်း​ချမ်း​ရေး​ဘက်ကိုပဲ ကျ​နော်က​တော့​ ​ထောက်ခံတယ်။” ဦး​တို့​ဆီမှာက အထူး​စီး​ပွား​ရေး​ဇုန်ဆိုတဲ့​ ​ဝေါဟာရက ဘယ်​လောက်ထိ​အောင် ချင်း​လူထုကြား​ထဲမှာ ကျယ်ကျယ်ပြန့်​ပြန့်​ ​ပြော​နေကြလဲ။ ဘယ်​လောက်ထိ​အောင် ​မျှော်လင့်​နေကြလဲ၊​ ချင်း​ဒေသခံ​တွေက​လေ။ “အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​မယ်ဆိုတာက ဘယ်လိုနည်း​နဲ့​ ဖွင့်​မလဲဆိုပြီး​တော့​ ဖွင့်​ဖူး​တာလည်း​ မဟုတ်တဲ့​အခါကျ​တော့​ လူ​တွေက ဘယ်လိုမှ မစဉ်း​စား​တတ်ဘူး​။ ကျ​နော်တို့​ချင်း​ပြည်နယ်က မြန်မာပြည်တခုလုံး​မှာ အဆင်း​ရဲဆုံး​ ​ဒေသဖြစ်​နေတယ်။ UNDP (ကုလသမဂ္ဂ ဖွံ့​ဖြိုး​ရေး​အစီအစဉ်)ရဲ့​ တိုင်း​တာချက်အရ အဆင်း​ရဲဆုံး​ဒေသက ချင်း​ပြည်နယ်၊​ ဒုတိယက ရခိုင်ပြည်နယ် ဆို​တော့​ ဘယ်လိုဟာမျိုး​နဲ့​ လုပ်​ပေး​မှ တိုး​တက်မလဲဆိုတာ လုပ်ဖူး​ကိုင်ဖူး​တာ မရှိတဲ့​အခါကျ​တော့​ ပြည်သူ​တွေက ဘာမှ သူတို့​ဝေဖန်တတ်တာလည်း​ မရှိဘူး​။ ​မျှော်လင့်​တာပဲ ​မျှော်လင့်​နေတယ်။ သူတို့​ အရင်​လေ့​လာပြီး​မှ ဘယ်လိုလုပ်​ပေး​သင့်​တယ်ဆိုတဲ့​ဟာ အဲဒါပြီး​မှ ကျ​နော်တို့​လည်း​ သုံး​သပ်နိုင်မယ်လို့​ အဲဒီလိုမျိုး​ ယူဆကြတယ်။” ချင်း​လူငယ်​တော်​တော်များ​များ​က မ​လေး​ရှား​ဘက်ကိုသွား​တယ်။ ​နောက် နိုင်ငံခြား​ထွက်တယ်လို့​ ကြား​တယ်။ ​နောက်ပြီး​တော့​ စာတတ်​မြောက်မှုနဲ့​ ပတ်သက်လို့​လည်း​ ချင်း​က နည်း​နည်း​နိမ့်​တယ်လို့​ပြောတယ်။ အဲဒီ​တော့​ အထူး​စီး​ပွား​ရေး​ဇုန်​တွေမှာ ချင်း​လူထုက ဘယ်လို အခန်း​ကဏ္ဍက​နေ ဝင်မယ်လို့​ အန်ကယ် ထင်ပါသလဲ။ “အထူး​စီး​ပွား​ရေး​ဇုန်ဖွင့်​ရင် ဘာလုပ်မလဲ ဆိုတာ ကျ​နော်လည်း​ ဒါ​သေချာ ဘာမှ မသိရ​သေး​ဘူး​။ ကျ​နော်တို့​က ​ဒေသဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက်​တော့​ အ​ခြေခံလုပ်ငန်း​ပဲ ပထမလုပ်ဖို့​လိုတယ်။ ဘာလို့​လဲဆို​တော့​ လမ်း​ပန်း​ဆက်သွယ်​ရေး​က တရွာနဲ့​တရွာ၊​ မြို့​က​နေရွာ အဆင်မ​ပြေတဲ့​အခါကျ​တော့​ ဘာအထူး​ဇုန်ပဲ ဖွင့်​ဖွင့်​ ဆက်သွယ်​ရေး​ မ​ကောင်း​တော့​ သိပ်လုပ်နိုင်ကိုင်နိုင်မှု ရှိမလား​လို့​ ကျ​နော် အဲဒါ စိုး​ရိမ်​နေတယ်။ အခုထိ ဟား​ခါး​မြို့​တော်က​နေ ပလက်ဝမြို့​အထိ ကား​လမ်း​မရှိ​သေး​ဘူး​။ တမြို့​နဲ့​ တမြို့​တောင်မှ ကား​လမ်း​မရှိ​သေး​ဘူး​။ ​နောက် ပြီး​တော့​ ပလက်ဝဆိုတာကလည်း​ မင်း​တပ်ခရိုင်မှာ။ မင်း​တပ်မြို့​နဲ့​ ပလက်ဝ ဆက်သွယ်​ရေး​လမ်း​ မရှိ​သေး​ဘူး​။ အခု ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ်​တွေက ခရိုင်မှာ လက်မှတ်ထိုး​ရမယ်ဆို​တော့​ ​ခြေလျင်နဲ့​ပဲ ပလက်ဝက​နေ မင်း​တပ်သွား​တုန်း​ပဲ။ အဲဒါ​ကြောင့်​မို့​ အထူး​ဇုန်ဖွင့်​ပေး​မယ် ဆိုရင် ပထမဦး​ဆုံး​က​တော့​ အ​ခြေခံအ​ဆောက်အအုံ​တွေ လုပ်​ပေး​ဖို့​ လိုမယ်လို့​ ကျ​နော် အဲဒီလိုပဲ ယူဆတယ်။” ချင်း​လူငယ်​တွေ နိုင်ငံခြား​ကို ​တော်​တော်များ​များ​ သွား​တယ်ဆို​တော့​ အခု လူငယ်​တွေရဲ့​ အ​ခြေအ​နေက ဘယ်လိုရှိလဲ။ “လူငယ်​တွေက အခု ​တော်​တော်​လေး​ အင်အား​လျော့​နေတယ်။ တချို့​ရွာက​လေး​တွေဆိုရင် ဥပမာ သင်္ချိုင်း​တူး​ဖို့​လူ​တောင် မရှိဘဲနဲ့​ တခြား​ရွာ အကူအညီ​တောင်း​ရတယ် ဆိုတာမျိုး​တောင် ကျ​နော် ကြား​နေရတယ်။ မသာရှိရင် သင်္ချိုင်း​တူး​ဖို့​က အခက်အခဲ ရှိ​နေတယ်။ အဲဒါ​ကြောင့်​မို့​ လူငယ်​တွေက အင်မတန်မှ လုပ်အား​၊​ အထူး​ဇုန်ဖွင့်​ရင်လည်း​ပဲ လုပ်အား​က ​တော်​တော်​လေး​ ခက်ခဲမယ်လို့​ ကျ​နော် ယူဆတယ်။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​ အထူး​ဇုန်ဖွင့်​ပေး​သည့်​တိုင်​အောင် အချိန်​တော်​တော်ကြာကြာ​တော့​ အခက်အခဲ ရှိဦး​မှာပဲ။” ဦး​တို့​ဆီမှာ ပညာ​ရေး​တို့​၊​ ဆက်သွယ်​ရေး​တို့​၊​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုက​ရော ဘယ်လိုရှိလဲ။ “ကျန်း​မာ​ရေး​စောင့်​ရှောက်မှုကလည်း​ ဘာမှ အထူး​တလည် ​စောင့်​ရှောက်တာ မရှိပါဘူး​။ ​နောက်ပြီး​တော့​ ပညာ​ရေး​ဆိုတာကလည်း​ ချင်း​ပြည်နယ်ဆိုရင် တက္ကသိုလ်၊​ ​ကောလိပ် တခုမှ မရှိဘူး​။ အဲဒါ​ကြောင့်​မို့​ လူငယ်​တွေက ၁၀ တန်း​ ​အောင်လည်း​ မ​လေး​ရှား​ဘက် သွား​ပြီး​တော့​ တတိယ နိုင်ငံ​ရောက်ဖို့​ပဲ ကြိုး​စား​နေကြတယ်။ တတိယ နိုင်ငံ​ရောက်ရင် တက္ကသိုလ်လည်း​ တက်နိုင်မယ်ဆိုတဲ့​ ရည်ရွယ်ချက်လည်း​ သူတို့​ ပါတယ်။” အခု မြန်မာပြည်မှာ နိုင်ငံ​ရေး​ပြောင်း​လဲတယ်ဆိုပြီး​တော့​ တကမ္ဘာလုံး​လိုလို က​နေပြီး​တော့​ ​ပြော​နေတယ်ဆို​တော့​။ ချင်း​ပြည်နယ်က ပြည်သူ​တွေက​ရော နိုင်ငံ​ရေး​မှာ ဘယ်​လောက်စိတ်ဝင်စား​လာကြလဲ။ “အခု နိုင်ငံ​ရေး​ဆိုတာက​တော့​၊​ လွတ်​မြောက်မှု နိုင်ငံ​ရေး​ဆို​တော့​ အား​လုံး​ စိတ်ဝင်စား​ကြပါတယ်။” နိုင်ငံ​ရေး​ပါတီ​တွေထဲကို ဝင်​ရောက်ပြီး​တော့​ ​ဆောင်ရွက်တာ​တွေ​ရော ချင်း​ပြည်နယ် ပြည်သူ​တွေကြား​ထဲမှာ တိုး​လာတာ ​တွေ့​ရလား​။ “တိုး​လာတယ်။ အခုကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ပြန်လည်ပြီး​ မှတ်ပုံတင်ပြီး​ရင်​တော့​ အခု ​လျှောက်လွှာ​တွေက ဝင်လာမစဲ တသဲသဲ ဖြစ်​နေတယ်။ အခက်အခဲတခုက​တော့​ ဓာတ်ပုံကပ်ရမယ်ဆို​တော့​ အဲဒီ့​ ဓာတ်ပုံရိုက်ဖို့​ပဲ သူတို့​ အခက်အခဲ ကြုံတယ်။” ဘာဖြစ်လို့​ပါလဲ။ “အန်အယ်လ်ဒီပုံစံ ဖြည့်​တဲ့​နေရာမှာ ဓာတ်ပုံ ၂ ပုံ ကပ်ရမယ်။ ၁ ပုံကို အပိုထား​ပြီး​တော့​ အဲဒါ ဌာနချုပ် ပို့​ရမယ်။ အဲဒါမှ ဌာနချုပ်က ပါတီဝင်ကတ်ပြား​ ထုတ်​ပေး​မယ်။ အဲဒါ​ကြောင့်​မို့​ ​ကျေး​ရွာ​တွေက ပါတီဝင်ချင်ကြ​ပေမယ့် အခု ဓာတ်ပုံရိုက်ဖို့​ အခက်အခဲ ရှိတဲ့​အခါကျ​တော့​ ကျ​နော်တို့​ မြို့​ကပဲ လူလွှတ်ပြီး​တော့​ ​ကျေး​ရွာမှာ ဓာတ်ပုံရိုက် ပါတီမှတ်ပုံတင်ခိုင်း​ အဲဒီလို ကျ​နော်တို့​ လုပ်​နေတယ်။ ​ကျေး​ရွာ​တွေက​တော့​ အင်မတန်မှ ဒီ နိုင်ငံ​ရေး​မှာ စိတ်ဝင်စား​နေကြတယ်။”

A d v e r t i s e m e n t With Us

More News
Up