နန်းဖာလုံဈေး မီးဘေးဒဏ်ခံပြည်သူများကို အလှူငွေ ပေးအပ်
DVB
·
February 9, 2018
နန်းဖာလုံဈေး မီးလောင်ကျွမ်းခံခဲ့ရမှုကြောင့် နစ်နာခဲ့တဲ့ ပြည်သူတွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တွေ့ဆုံပြီး အလှူငွေ ပေးအပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့ မနက် ၉ နာရီက အိန္ဒိယနယ်စပ်မြို့ တမူးမြို့
တမူးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ ပေးအပ်ခဲ့တာပါ။
ဈေးဆိုင်ခန်းတွေ ပြန်လည်တည်ဆောက်ဖို့အတွက် ကျပ်သိန်း ၂၁၀ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက နေအိမ် ၆ လုံးအတွက် တအိမ်ထောင်လျင် အိမ်ဆောက်ပစ္စည်း ငွေကျပ် နှစ်သိန်းဖိုးစီနဲ့ ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ အဖွဲ့ဟာ မနေ့ညနေက နန်းဖာလုံဈေး မီးလောင်ပြင်ကို သွားရောက်ကြည့်ရှုခဲ့ပြီး ဒီကနေ့မနက် ၆ နာရီမှာတော့ မီးလောင်သွားတဲ့ နန်းဖာလုံဈေး အတွက် ယာယီဈေး တည်ဆောက်မယ့်နေရာကို သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
နန့်ဖာလုံဈေးမီးဟာ အနီးရှိ လူနေအိမ်တွေက စတင်လောင်ကျွမ်းခဲ့ပြီး နန့်ဖာလုံဈေးကို ဆက်လက် မီးကူးလောင်ကျွမ်းခဲ့တာလို့ တိုင်းမီးသတ်ညွှန်ကြားရေးမှူး ဦးမင်းဆန်းအေးကပြောပါတယ်။
နန့်ဖာလုံဈေးမှာ ဆိုင်ခန်းပေါင်း ၉၈၃ ခန်းရှိတဲ့အနက် ၅၃ ခန်း လောင်ကျမ်းခံခဲ့ရပါတယ်။
ဒီမီးလောင်မှုမှာ ဆုံးရှုံးမှု ခန့်မှန်းကျပ်ငွေ ကျပ်သိန်းပေါင်း ၁၇၀၀၀ ကျော်ဖိုး ရှိတယ်လို့ တမူးမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ဇော်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။