Home
မြန်မာသတင်း
ဗမာကျွန်ဟုမသုံးခဲ့ကြောင်း ဒေါက်တာအေးမောင်ပြော
DVB
·
February 9, 2018
ဗမာကျွန်လို့မသုံးခဲ့တဲ့အကြောင်း ဖမ်ဆီးခံထားရတဲ့ အမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၉ရက်မနက်က ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရခိုင်ပြည်နယ် စစ်တွေခရိုင်နဲ့ မြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မီဒီယာတွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒေါက်တာအေးမောင်က “တခုရှိတယ်ဗျ။ ကျနော်မပြောတာရှိတယ်။ ဗမာများအနေနဲ့ ရခိုင်လူမျိုးများအပေါ်ကို ဗမာကျွန်အဖြစ်သဘောထားတယ်။ အဲဒါကျနော်မသုံးဘူး။ ဒါပေမယ့် အဲဒါ သတင်းစာတွေမှာပါလို့ ကျနော်စိတ်မကောင်းဘူး။ ဒါကဗမာနဲ့ ရခိုင်ကို ရန်တိုက်သလိုဖြစ်နေတယ်။ ကျနော်ကအမျိုးသားစည်းလုံးမှုကိုသွားတာ”လို့ ပြောကြားခဲ့တာပါ။ တရားရုံးအထွက်မှာ စာရေးဆရာဝေဟင်အောင်က “လူတယောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့်နဲ့ လွတ်လပ်စွာပြောပိုင်ခွင့်ဆိုတာရှိတယ်။ အဲ့ဒါကိုပိတ်ပင်ခဲ့တာ။ ဒါက ဒီမိုကရေစီခေတ်ရဲ့အကျဉ်းသား၊ ဒီမိုကရေစီရရှိရေးကွ၊ ဒါကမတရားဘူးလို့ လူတိုင်းသိတဲ့ကိစ္စ” လို့ပြောဆိုခဲ့ပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီးအခုလိုဖမ်းဆီးခံရတာဖြစ်ပြီး နိုင်ငံတော်သ စ္စာဖောက်ဖျက်ပုန်ကန်မှုပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) (ဂ)နဲ့ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ အမှုဖွင့်ထားပါတယ်။ ဒါ့အပြင် ရသေ့တောင်စာပေဟောပြောပွဲစီစဉ်သူ နီဘုန်းသန်းဝေတို့ကိုလည်း ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅(ခ) (ဂ)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ လာမယ့်ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာတော့  ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024