
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းရပ်ကွက်မှာရှိတဲ့ လူနေအိမ်ခြေ ၅၀၀ ကျော်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက စာထုတ်ပြီး ပြောင်းရွှေ့ခိုင်းတဲ့အတွက် အဲဒီရပ်ကွက်မှာ နေထိုင်သူတွေ နေစရာနေရာ အခက်ဖြစ်နေရပါတယ်။
ရွှေလင်ဗန်းရပ်ကွက် မြေကွက်အမှတ် ၂၃ ရပ်ကွက် ချောင်းဘေးမှာ နေထိုင်သူတွေဟာ ကျူးကျော်နေထိုင်တာဖြစ်တဲ့အတွက် မေ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးဖို့နဲ့ မပြောင်းရင် အဲဒီနေအိမ်တွေကို လာရောက် ဖျက်ဆီးမယ်ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သတိပေးစာ ပို့ထားတာပါ။
ရွှေလင်ဗန်းရပ်ကွက်သား ကိုသက်က “စာမှာကတော့ သူက လှိုင်သာယာမြို့နယ် မြေကွက်အမှတ် ၂၃ ပေါ့နော်၊ ၂၃ ချောင်းနှုတ်ခမ်းဘေးပေါ်တွင် နေထိုင်သော တဲအိမ်ဆောက်လုပ်နေထိုင်သူများ၊ ယခုအမိန့်ခွင့်ပြုချက် တစုံတရာမရှိဘဲ ၁၉၉၈ ခုနှစ် အောက်မြန်မာနိုင်ငံတော် မြို့နှင့်ကျေးရွာအက်ဥပဒေ ပုဒ်မ ၁၉ အရ ကျူးလွန်နေထိုင်ကြောင်းပေါ့။ ဒါ သူက နို့တစ်စာအရပေါ့။ သူက အဲဒီမှာ ၁၂ ရက်နေ့ နေ့စွဲပေးထားတယ်။ ၁၂ ရက်နေ့ အပြီးဖျက်ပေးရမယ်။ ၁၂ ရက်နေ့ ပြောင်းရွှေ့မပေးလို့ရှိရင် သူတို့လာရောက်ဖျက်ဆီးပြီးလို့ရှိရင် ကျနော်တို့ ဒီဘက်ကနေပြီးတော့ စရိတ်ပြန်လျော်ပေးရမယ်ပေါ့ သူတို့ ဖျက်ဆီးခကို။”
ဒီမြေမှာ လာရောက်နေထိုင်သူတွေဟာ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်အပြီးနောက် အနယ်နယ် အရပ်ရပ်ကနေ ပြောင်းရွှေ့နေထိုင်ကြသူတွေဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ခုလိုပြောင်းခိုင်းပေမယ့် မိသားစုတွေအနေနဲ့ နေစရာအသစ်ကို ပြောင်းရွှေ့ဖို့ အခက်အခဲ ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။
“ဒီမှာကတော့ နေရာစုံက လူတွေပါ။ ၁၉ ရပ်ကွက်၊ ၁၅ ရပ်ကွက်၊ မော်ကျွန်းဘက်က လူတွေလည်း ရှိတယ်၊ ဖျာပုံဘက်ကလူတွေလည်း ရှိတယ် နာဂစ်ပြီးတော့လေ။ လောလောဆယ် ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူး။ မလွယ်ဘူးဆိုတာ ကျနော်တို့က နယ်တနယ်နဲ့တနယ် ရွှေ့ဖို့ဆိုတာ တော်တော်လေးကို အလှမ်းဝေးတာ အခက်အခဲတွေရှိကြတာပေါ့။ တချို့ ဒီမှာ ကလေးကျောင်းတက်နေတာလေးတွေ ရှိတယ်ပေါ့နော်။ ကျောင်းသားတွေ ဆိုလည်း တော်တော် အခက်အခဲဖြစ်တယ်။”
ရွှေလင်ဗန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးတင်ကတော့ ဒီလူတွေကို ကျူးကျော်နေထိုင်မှု နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးက အရေးယူတာ လို့ ပြောပါတယ်။
“ကျူးကျော်တွေလေ မြို့နယ်ကနေပြီးတော့ အိုးအိမ်ကနေပြီးတော့ သူတို့ကို တရားစွဲတာလေ။ ဘယ်လိုစွဲလဲတော့ ကျနော် မသိဘူး။ ကျနော် စာရင်းကောက်ပေးဆို ကောက်ပေးတယ်၊ ဓာတ်ပုံရိုက်ပေးဆို ရိုက်ပေးတယ် အဲဒါ မြို့နယ်က ခိုင်းတာနော်။ ချောင်း တလျှောက် က မြေပိုတွေမှာနေတာလေ။ အိုးအိမ်မြေတွေမှာလေ၊ သူတို့ကလည်း နေချင်သလို နေတာပဲဗျာ။ ပထမ လက်ထက်က ရယကတွေက နေစရာမရှိလို့ဆိုပြီး ထားကြတာပေါ့။ အဲဒီကနေပြီးတော့ တဖြည်းဖြည်း ပွားလာတာ အခုတော့ များလာပြီပေါ့။ ဟိုတုန်းကတော့ ၃၀၀ ကျော်လောက် ရှိတာ အခုတော့ ၅၀၀ ကျော်ဖြစ်သွားတာ။”
မေ ၁၂ ရက် နောက်ဆုံးထား ပြောင်းရွှေ့ရမယ့်သူတွေဟာ လက်ရှိ ပြောင်းရွှေ့ရမယ့်နေရာ မရှိ သလို ပြောင်းရွှေဖို့ အခက်အခဲ ဖြစ်နေတဲ့အတွက် ဒီနေရာမှာပဲ ဆက်နေခွင့်ရဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လူ့အခွင့်အရေးကော်မရှင်နဲ့ သမ္မတကို အသနားခံစာ တင်သွားမယ်လို့ ဆိုပါတယ်။











