DVB Logo
Home
မြန်မာသတင်း
မြန်မာလွှတ်​တော်အမတ်များ​ ဂျာမနီပါလီမန်ကို သွား​ရောက်​လေ့​လာ
DVB
·
May 11, 2012
မြန်မာလွှတ်​တော်အမတ်များ​ ဂျာမနီပါလီမန်ကို သွား​ရောက်​လေ့​လာ
Donate to DVB

မြန်မာနိုင်ငံမှာ လွှတ်​တော် အစည်း​အ​ဝေး​တွေရပ်နား​ထား​ချိန် မြန်မာလွှတ်​တော် ကိုယ်စား​လှယ်​တွေတချို့​ ဂျာမနီနိုင်ငံကိုသွား​ရောက်ပြီး​ ဂျာမနီလွှတ်​တော်​တွေကို သွား​ရောက်​လေ့​လာ​နေပါတယ်။

မြန်မာနိုင်ငံက အမျိုး​သား​လွှတ်​တော် ကိုယ်စား​လှယ် ​ဒေါက်တာ​အေး​မောင် ​ခေါင်း​ဆောင်တဲ့​ ပါတီ ၄ ခုက လွှတ်​တော်ကိုယ်စား​လှယ် ၇ ဦး​ဟာ ဂျာမနီနိုင်ငံမှာ သီတင်း​တပတ်ကြာ သွား​ရောက် ​လေ့​လာ​နေတာပါ။

ဂျာမနီနိုင်ငံက Friedrich Naumann Foundation for Freedom ​ဖောင်​ဒေး​ရှင်း​ရဲ့​ ဖိတ်ကြား​ချက်အရ သွား​ရောက်တာဖြစ်ပြီး​ ဥ​ရောပမှာရှိတဲ့​ ပါလီမန် ငယ်​လေး​တွေရဲ့​ လုပ်​ဆောင်ချက်​တွေကို ​လေ့​လာဖို့​ ရည်ရွယ်သွား​ရောက်တာ ဖြစ်တယ်လို့​ ဘာလင်မြို့​မှာ ​ရောက်​နေတဲ့​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“ဥ​ရောပ​တွေက ပါလီမန် စနစ်​လေး​တွေကို ​လေ့​လာ​စေချင်တဲ့​ သ​ဘောဖြစ်ပါတယ်။ အဓိကက​တော့​ ဥ​ရောပမှာရှိတဲ့​ ဒီမိုက​ရေစီစနစ်ကို သွား​နေခဲ့​ကြတဲ့​ နိုင်ငံ​တွေရဲ့​ ပါလီမန်စနစ်​တွေ၊​ ပါလီမန်ထဲမှာပါတဲ့​ တခြား​ ​ကော်မတီ​တွေရဲ့​ အဆင့်​ဆင့်​ လှုပ်ရှား​ဆောင်ရွက်ပုံ။ ​နောက် လူထုနဲ့​ လွှတ်​တော်၊​ လွှတ်​တော်နဲ့​ အစိုး​ရ။ အဆင့်​ဆင့်​ ဘယ်လိုကြီး​ကြပ်သလဲဆိုတာ ​လေ့​လာဖို့​ သူတို့​က အချိန်ယူပြီး​ ဖိတ်တာပါ။ ​နောက် ပါတီ​တွေနဲ့​ ​ဖောင်​ဒေး​ရှင်း​တွေ ဘယ်လို ဆက်စပ်သလဲဆိုတာ၊​ ပါတီအ​သေး​လေး​က​နေ အကြီး​အထိ ကိုယ်စား​ပြုခွင့်​ရ​အောင်၊​ ​ဒေသတခုမှာ ၅ ရာခိုင်နှုန်း​လောက် လူထု​ထောက်ခံမှုရ​အောင်၊​ လူထု​ထောက်ခံမှုရရင် အ​သေး​ဆုံး​ပါတီ​လေး​ ဖြစ်​ပေမယ့်​ လွှတ်​တော်ထဲမှာ တ​နေရာ ကိုယ်စား​ပြုမှု ရှိ​အောင် ​ပြောနိုင်ဆိုနိုင်​အောင်ဆိုတဲ့​ သ​ဘောမျိုး​နဲ့​ပေါ့​။”

ဂျာမနီ လွှတ်​တော်​တွေကို သွား​ရောက်​လေ့​လာရာမှာ လွှတ်​တော်​တွေက အစိုး​ရအဖွဲ့​ကို ​ကောင်း​ကောင်း​ချုပ်ကိုင်နိုင်တာ၊​ ဗဟိုအစိုး​ရရဲ့​ ချုပ်ကိုင်မှု ​လျော့​နည်း​ပြီး​ ပြည်နယ်​တွေရဲ့​ လုပ်ပိုင်ခွင့်​တွေ အပြည့်​အဝရတာကို နမူနာယူစရာ ​တွေ့​ခဲ့​ရပြီး​ လွှတ်​တော်အမတ်​တွေရဲ့​ လူထုနဲ့​ဆက်ဆံ​ရေး​ ဆက်သွယ်​ရေး​စနစ်​တွေ ​ကောင်း​မွန်တာ​တွေကို အား​ကျမိတယ်လို့​လည်း​ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“ဒီဘက်က ဆက်သွယ်​ရေး​က ​တော်​တော်မြန်တယ်ဗျ။ ကျ​နော်တို့​ဆီကလို သီး​သန့်​လည်း​ မဖြစ်ဘူး​လေ။ လွှတ်​တော်အမတ် တဦး​ချင်း​ကိုလည်း​ပဲ သက်ဆိုင်တဲ့​ ရုံး​ခန်း​လည်း​ပဲ ​ပေး​ထား​တယ်။ ​နောက် သူ့​ရုံး​လုပ်ငန်း​ကို ​ဆောင်ရွက်နိုင်​အောင်လည်း​ပဲ ဝန်ထမ်း​တွေ ​ပေး​ထား​တယ်။ ကိုယ်စား​ပြုခဲ့​တဲ့​ သူ့​ရဲ့​မဲဆန္ဒနယ်​မြေမှာလည်း​ သူပြန်ပြီး​ ရှင်း​နိုင်​အောင် အဲဒီမှာ ဝန်ထမ်း​တွေ ရှိတယ်။ ရုံး​တွေ ရှိတယ်။ လွှတ်​တော်ထဲမှာကို သက်ဆိုင်တဲ့​ပါတီအလိုက် ရုံး​တွေ ​ပေး​ထား​တာ ရှိတယ်။ လွှတ်​တော်အမတ် တဦး​ချင်း​ရဲ့​ ရုံး​ခန်း​လည်း​ ရှိပါတယ်။ ဆက်စပ်မှုကလည်း​ ရှိတယ်။ ဥပမာ လွှတ်​တော်မှာ ကျ​နော်တို့​ကို ကိုယ်စား​ပြုနိုင်တဲ့​ ရုံး​ခန်း​တွေ မရှိဘူး​လေ။ လှမ်း​တယ်ဗျ။ တခါတခါ လာရရင်လည်း​ ပင်ပန်း​ပါတယ်။ လနဲ့​ချီပြီး​လာ​နေရတယ်။ ကိုယ့်​ဒေသကို ပြန်သွား​ဖို့​ကလည်း​ ခက်တယ်။ ဒီမှာက ပုံမှန်​လေး​ပဲ။ သွား​လိုက်လာလိုက်၊​ လူထုနဲ့​တွေ့​လိုက်၊​ အစည်း​အ​ဝေး​ကျင်း​ပလိုက် အဲဒါမျိုး​လေး​တွေ​ပေါ့​။”

မေလ ၅ ရက်​နေ့​က​နေ ၁၂ ရက်အထိ တပတ်​ကျော်ကြာ ဂျာမနီခရီး​စဉ်မှာ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီက ​ဒေါက်တာ​အေး​မောင်၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦး​စိုင်း​အိုက်​ပေါင်း​၊​ ကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီက အမတ်​တွေဖြစ်တဲ့​ ဦး​ဝင်း​ဦး​၊​ ဦး​ဝင်း​သန်း​နဲ့​ ဦး​အေး​မောက်၊​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က အမတ်​တွေဖြစ်တဲ့​ ဦး​မင်း​ဦး​နဲ့​ ​ဒေါက်တာ ​ဒေါ်လှမြတ်​သွေး​တို့​လိုက်ပါသွား​ကြတာဖြစ်ပါတယ်။

တချိန်တည်း​မှာပဲ ပြည်သူ့​လွှတ်​တော် ဥက္ကဋ္ဌ သူရ​ရွှေမန်း​ ​ခေါင်း​ဆောင်တဲ့​ မြန်မာလွှတ်​တော် အကြီး​အကဲ​တွေပါဝင်တဲ့​ အဖွဲ့​တဖွဲ့​ဟာလည်း​ ဂျာမနီ အပါအဝင် ဥ​ရောပ ၃ နိုင်ငံ​လောက်ကို သွား​ရောက်လည်ပတ်​နေပြီး​ မ​နေ့​က​တော့​ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့​မှာရှိတဲ့​ ဥ​ရောပပါလီမန်ကို သွား​ရောက် ​လေ့​လာခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013