ငါးပြတိုက်ကြီး တည်ဆောက်မည့်အစား နိုင်ငံဖွံ့ဖြိုးရေးအတွက် သုံးစွဲရန် တိုက်တွန်း
DVB
·
February 8, 2018
နိုင်ငံတကာ အဆင့်မီ ငါးပြတိုက်ကြီး တည်ဆောက်ဖို့ ကုန်ကျမယ့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၈ ရက် ပြည်သူ့လွှတ်တော်မှာ ပြည်မဲဆန္ဒနယ်က ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်က စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
“တခါတရံမှာ ရင်းနှီးမြှုပ်နှံမှုတွေဟာ ကျမတို့နိုင်ငံ ဖွံ့ဖြိုးစနိုင်ငံမှာ ကျမ လွန်ခဲ့တဲ့ အပတ်ကဆို တွေ့လိုက်ရပါတယ်။ ငါးပြတိုက်အတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၊ ဒါမျိုးဆိုရင် ကျမတို့က တကမ္ဘာလုံးမှာ အကြီးမားဆုံးဆိုရင် ဒါတွေအစား စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံရင် မကောင်းဘူးလား။ ဒါတွေကို ဘဏ္ဍာရေးကော်မရှင်အနေနဲ့ရော ရင်းနှီမြှုပ်နှံမှုကော်မရှင်အနေနဲ့ရော လေးလေးနက်နက် ထည့်သွင်း စဉ်းစားဖို့ လိုပါတယ်။”
ရန်ကုန်၊ ကန်တော်ကြီးမှာ နိုင်ငံတကာအဆင့်မီ ငါးပြတိုက် တည်ဆောက်နေတာ ၈၀ ရာခိုင်နှုန်းလောက် ပြီးနေပြီလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတဦးက မကြာသေးခင်က မီဒီယာကို ပြောထားပါတယ်။
ကန်တော်ကြီးစောင်းက ငါးပြတိုက်ဟာ ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတို့မှာရှိတဲ့ ငါးပြတိုက်တွေထက် ကျယ်ဝန်းတယ်လို့လည်း ငါးလုပ်ငန်းတာဝန်ရှိသူက ပြောထားပါတယ်။