တိုင်းရင်းသားတန်းတူအခွင့်အရေးရရေး ရှမ်းနီပါတီကြိုးပမ်းမည်
ပီတာအောင်
·
May 11, 2012
ရှမ်းတိုင်းရင်းသားပါတီတခုဖြစ်တဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (တီအန်ဒီပီ) ကို နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေ ၁၀ ရက် နေ့စွဲနဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်ပါတယ်။
ပါတီကို နာယကတွေဖြစ်တဲ့ ဦးအောင်ခင်နဲ့ဦးလှသိန်းတို့ ခေါင်းဆောင်ပြီး ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်၊ အတွင်းရေးမှူး စိုင်းဝင်းထွန်းတို့အပါအဝင် အဖွဲ့ဝင် ၁၈ ဦး နဲ့ ရှမ်းနီပါတီကို ထူထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်တွေ လွန်ခဲ့တဲ့ ၃ လလောက်က လျှောက်ထားခဲ့တာပါ။
ပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်ဘဲ ဆိုင်းငံ့ထားတဲ့ ကချင်ပြည်နယ် မဲဆန္ဒနယ် ၃ နေရာမှာရော၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာပါ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရရေး အဓိက ဦးစားပေးတာဝန်အဖြစ် လုပ်ဆောင်သွားမယ်လို့ပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောပါတယ်။
“အဓိကအချက်က ကျနော်တို့ တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရဖို့ပေါ့လေ။ ဒါပဲ အဓိက ကျနော်တို့က ရည်မှန်းချက်ပဲ။ လွတ်လပ်ရေး ရပြီးကတည်းက ကျနော်တို့ ဘာအခွင့်အရေးမှ မရခဲ့ဘူး။ အဖိနှိပ်ပဲ ခံနေရတယ် တလျှောက်လုံးပေါ့။ ဒါကြောင့်မို့ အခု ကျနော်တို့ ဒီပါတီထောင်ရခြင်း ရည်ရွယ်ချက်က တိုင်းရင်းသားတွေ တန်းတူအခွင့်အရေး ရဖို့ပေါ့။”
ပါတီဌာနချုပ်ကို မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်မှာ ဖွင့်လှစ်ထားပြီး စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဟာ ရှမ်းနီပါတီရဲ့ အဓိက အားထားရာ နယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါတီအနေနဲ့ ဒေသခံ ရှမ်းပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြဿနာတွေကို ဆောင်ရွက်သွားမယ်လို့လည်း စိုင်းဌေးအောင်က ပြောပါတယ်။
“ကျနော်တို့အဓိကက ကျန်းမာရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေပေါ့။ ကျနော်တို့ နေထိုင်တဲ့ဒေသတွေက တော်တော်လေးကို ခေါင်းပါးတယ်။ နောက်ပြီးတော့ ရတနာတွေ တအားထွက်တော့ ကျနော်တို့ လယ်မြေတွေကို ရွှေတွင်းတူးတာတို့၊ နောက် မြစ်ချောင်းအင်းအိုင် ကောလာတာတို့၊ မြစ်ချောင်းဘေးမှာ ကျနော်တို့ ဒေသတွေမှာ တအားတူးကြတာ။ သဘာဝအရင်းအမြစ်တွေ မဆုံးရှုံးရအောင် ကျနော်တို့ ကာကွယ်စောင့်ရှောက် သွားကြမယ်လေ။
“အဓိကလိုအပ်နေတာ ဘာလဲဆိုတော့ ကျန်းမာရေးကဏ္ဍ ချို့တဲ့တယ် ကျနော်တို့ဒေသတွေမှာ။ ကျန်းမာရေးဆရာဝန်တွေ မထားနိုင်ဘူး။ ဆရာဝန်ဆိုလို့ ဝမ်းဆွဲဆရာမတောင် မရောက်နိုင်ဘူး ကျနော်တို့ လူမျိုးတွေ နေထိုင်တဲ့ ဒေသတွေမှာ။ နောက်ပြီးတော့ စာသင်ကျောင်းတွေ မရှိဘူး။ တချို့ဒေသတွေမှာ စာသင်ကျောင်းတော့ရှိတယ်။ ဆရာမက ၁ ယောက် ၂ ယောက်ပဲ ခန့်ပေးနိုင်တယ် အစိုးရက။ စာသင်ကျောင်းတွေ ဆောက်ဖို့ ကျနော်တို့ ကြိုးစားသွားမယ်လေ ဆရာမတွေ ဖူလုံအောင် ရရှိအောင်လို့။”