ရွှေနံ့သာကျေးရွာသားများ၏ လယ်ထွန်မင်္ဂလာ အာဏာပိုင်တားမြစ်
အေးနိုင်
·
May 10, 2012
မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှာ လယ်သိမ်းခံရတဲ့ လယ်သမားတွေက သူတို့မြေယာတွေပေါ်မှာ လယ်ထွန်မင်္ဂလာပွဲကို ဒီနေ့မနက် ကျင်းပရာမှာ သက်ဆိုင်ရာက လာတားပါတယ်။
ဇေကမ္ဘာကုမ္ပဏီက သူတို့ထံကနေယူပြီး စက်မှုဇုန်တည်နေတာကို မကျေနပ်တဲ့ လယ်သမားတွေက လယ်ထွန်မင်္ဂလာပွဲ လုပ်မယ်လို့ ကြိုတင် ကြေညာထားတာပါ။ ဒါကို မနေ့ညနေက မြို့နယ်အုပ်ချုပ်ရေးမှူးက စာပို့တားမြစ်သလို ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း လာရောက် တားမြစ်ခဲ့ပါတယ်။
အဲဒီလယ်ကွင်းမှာ ညအိပ်တဲ့ သူတို့ကလည်း လယ်ထွန်ပွဲကို ဖြစ်အောင် လုပ်ပါမယ်လို့ လယ်သမားတွေရဲ့ ကိုယ်စားလှယ် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောဆိုပါတယ်။
မနေ့ညမှာ သက်ဆိုင်ရာက လယ်သမားတဦးရဲ့ အိမ်တွင်းကို ဝင်ရောက်ပြီး ခြိမ်းခြောက် ကြိမ်းမောင်းခဲ့တယ်လို့ သူက ပြောပါတယ်။
မနေ့ညက လယ်သမားတွေနဲ့အတူ အဲဒီကွင်းမှာ ညအိပ်တဲ့ ဦးနေမျိုးဝေက “ဗိုလ်ကြီးအောင်မြင့်ဇော်က ဦးကျော်မြင့်တဲက အမျိုးသမီးကို သူက ဝင်ပြီးတော့ ပြောတယ်။ မနက်ဖြန်ကျရင် သွေးလည်းမြင်ရမယ်၊ အသံလည်း ကြားရမယ်ပေါ့။ လုံခြုံရေးတွေလည်း ခေါ်ထားတယ် ဘာညာပြောတော့ ကြောက်နေကြတယ်။ ကြောက်နေကြတဲ့အချိန် အုပ်ချုပ်ရေးက ကျနော်တို့ကို တားတဲ့စာပေးပြီးတော့ ရွာသားတွေက ဖတ်ပြီးတော့ လန့်နေကြတာပေါ့ဗျာ။”
ဒီမနက်တော့ လယ်ထွန်မင်္ဂလာပွဲကို လှိုင်သာယာဘက်က မြေသိမ်းခံရတဲ့ လယ်သမားတွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေလည်း ရောက်လာလို့ လူ ၁၀၀ ကျော် သွားတယ်လို့ ဆိုပါတယ်။
ဒီမနက် ၁၀ နာရီ ၁၅ မိနစ်မှာ လယ်ထွန်မင်္ဂလာကို လယ်ထွန်စက် ၂ လုံးနဲ့ စတင်ခဲ့ပုံနဲ့ အာဏာပိုင်တွေက တားမြစ်ပုံကို ဦးနေမျိုးဝေက ခုလို ပြောပါတယ်။
“လယ်ထွန်မင်္ဂလာကို စပြီဆိုပြီး ကျနော်တို့က လယ်စက် ၂ စီးနဲ့ ၁ စီးကို စပြီးတော့ တကယ်မထွန်သေးဘဲနဲ့ ထွန်ကိုင်းကို မထားပြီး ထွန်တဲ့ပုံစံမျိုး ကျနော်တို့ လုပ်တဲ့အခါမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးတို့က လာရောက်တားပါတယ် သူတို့အုပ်စုတွေနဲ့။ ဟုတ်ပြီ ကျနော်တို့က ပြောတယ် ကျနော်တို့ ဒီမှာ မထွန်သေးပါဘူး ဒီမှာ ထွန်ကိုင်းကို တင်ထားတယ်။ ခဏနေရင် တကယ်ထွန်တယ်ဆိုတာ ဘယ်လိုပါဆိုတာ ကျနော် ပြပါမယ်လို့ ဆိုပြီး ကျနော် ထွန်ကိုင်းကို အောက်ချပါတယ်။
“ကျနော်တို့ ဒီလို ဘာဖြစ်လို့ လုပ်ပြရလဲဆိုတော့ ခင်ဗျားတို့ ကျနော်တို့ကိုတော့ တားတယ်။ ဇေကမ္ဘာကုမ္ပဏီက ဥပဒေရဲ့အထက်မှာ ရှိနေလို့ သွားမတားတာလား။ သူတို့ကို စာ ၂ ကြိမ်ထုတ်တယ်၊ သူတို့ အကြိမ်ကြိမ်ကန်သင်းတွေ ထိုးဖြတ်တယ်။ အဲဒါကို ခင်ဗျားတို့ သွားတားပေးပါ ဟိုမှာလုပ်နေပါတယ်။ ကျနော်တို့ ထွန်နေတဲ့ တချိန်တည်းမှာပဲ ဟိုဘက်အခြမ်းမှာက အရှေ့တောင်ဘက်အခြမ်းမှာ ဇေကမ္ဘာက ကန်သင်းတွေ ထိုးနေပါတယ် အဲဒီတော့ သူတို့သွားတားပါတယ်။ အဲဒီတော့ ကျနော်တို့က ဥပဒေအတွင်းမှာ အားလုံးတပြေးညီရှိဖို့ လိုအပ်တယ်ဆိုတာကို သရုပ်ဖော်တာပါ ဒီနေ့က။”
သူတို့ရဲ့ လယ်ထွန်စက်တွေ လယ်ကွင်းထဲက ထွက်သွားပေမယ့် ဇေကမ္ဘာကုမ္ပဏီကတော့ မြေတူးစက်တွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့နှစ်ပိုင်းက အစိုးရစီမံချက်အရ လယ်သိမ်းခံရမယ်ဆိုတဲ့အတွက် ဇေကမ္ဘာကုမ္ပဏီက ၁ ဧက ၃ သိန်းနှုန်း နစ်နာကြေးပေးပြီး စက်မှုဇုန်လုပ်နေတာကို လယ်သမားတွေက တိုင်လို့ သက်ဆိုင်ရာက နားခိုင်းထားပါတယ်။
အခုတော့ ဇေကမ္ဘာကုမ္ပဏီကလည်း လယ်ယာလုပ်မယ်လို့ မြို့နယ်မြေယာကော်မတီမှာ လျှောက်ထားသလို လယ်သမားတွေကလည်း လယ်ယာလုပ်မယ်လို့ မြေယာကော်မတီမှာ လျှောက်ထားကြပါတယ်။