ထောက်ကြန့်တွင် ယာဉ်မောင်း ၁ ဦးကို အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများအား ဖမ်းမိ
DVB
·
February 6, 2018
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မှာ ယာဉ်မောင်းတဦးကို အုပ်စုဖွဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဝိုင်းဝန်းထိုးကြိတ်သူတွေကို ၃ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်မွန်းလွဲ ၁၂ နာရီခွဲလောက်က ထောက်ကြန့်လမ်းဆုံမှာ Suzuki Carry အဖြူရောင် ကားမောင်းသူဟာ ဇနီးနဲ့အတူ သိမ်ကြီးဈေးမှ ကုန်ပစ္စည်းတွေ ဈေးဝယ်ပြီး ပြန်လာရာ ထောက်ကြန့် စစ်သင်္ချိုင်းရှေ့အရောက် ဆိုင်ကယ် ၃ စီးပေါ်မှ အမျိုးသား ၅ ဦးတို့က ဝိုင်းဝန်းထိုးကြိတ် ဆဲဆိုရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကားမောင်းသူဟာ ထိုးကြိတ်ခံရလို့ ဖူးရောင်ဒဏ်ရာတွေ ရရှိခဲ့ကာ ကားရှေ့ လေကာမှန်နဲ့ ယာဘက် နောက်ကြည့်မှန်လည်း ရိုက်ခွဲခံခဲ့ရလို့ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၄၄၀/၃၂၃/၂၉၄/၁၁၄ နဲ့ အမှုဖွင့်ခဲ့တာပါ။
ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က စုံစမ်းပြီး လှော်ကားလမ်းခွဲမှာ ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ ညနေ ၆ နာရီခွဲလောက်မှာ လှိုင်သာယာမြို့နယ်၊ အမှတ် (၁၄) ရပ်ကွက်နေ အောင်မြင့်သူ (၃၀-နှစ်)၊ ညိုမောင်(၂၄-နှစ်)၊ မှော်ဘီမြို့နယ်နေ နိုင်လင်း (၁၉-နှစ်)၊ သက်ပိုင်ဦး (၁၉-နှစ်)နဲ့ မင်းထက်အောင် (၂၅-နှစ်)တို့ကိ ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူ မင်းထက်အောင်ပါ ၅ ဦးတို့ကို ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်သလို ၎င်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်တွေမှာ လိုင်စင်မဲ့တွေ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရလို့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ဆက်လက်အရေးယူမယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဓာတ်ပုံ - Yangon Police