လှိုင်သာယာစက်ရုံနှစ်ရုံက ဆန္ဒပြမှု အလုပ်ရှင် အလျှော့ပေး
နေသွင်
·
May 10, 2012

လှိုင်သာယာစက်မှုဇုန်ထဲက စက်ရုံနှစ်ရုံက ထောင်နဲ့ချီတဲ့ အလုပ်သမားတွေဟာ လခတိုးပေးဖို့ သူတို့ တောင်းဆိုချက်ကို အလုပ်ရှင်ဘက်က လိုက်လျောပေးတာကြောင့် ဒီနေ့မှာ သပိတ်လှန်လိုက်ကြပါတယ်။
[caption id="attachment_25230" align="alignleft" width="310" caption="HIMO ဆံပင်တုစက်ရုံက အလုပ်သမားများ (photo-dvb)"]
[/caption]
မနေ့က စခဲ့တဲ့ လှိုင်သာယာ HIMO ဆံပင်တုစက်ရုံအလုပ်သမားသပိတ်နဲ့ Myanmar Yes အထည်ချုပ်စက်ရုံ အလုပ်သမားသပိတ်မှာ အလုပ်သမားရာပေါင်းများစွာပါဝင်ခဲ့ပြီး အလုပ်ရှင်နဲ့ အာဏာပိုင်တွေက ညှိနှိုင်းဆောင်ရွက်ပေးတဲ့အတွက် ပြေလည်မှုရသွားတာပါ။
HIMO ဆံပင်တုစက်ရုံက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဖြစ်တဲ့ အခြေခံလစာ ၃ သောင်း ကျပ် အထိ ပေးဖို့ကို အလုပ်ရှင်ဘက်က လိုက်လျောပေးလိုက်တာပါ။
ဒါကြောင့် နဂိုက အချိန်ပိုကြေး၊ ရက်မှန်ကြေးအပါအဝင်၊ တလကို လစာ ကျပ် ၂ သောင်းခွဲကနေ ၇ သောင်းအထိ အများဆုံး ရနေတဲ့အပေါ်မှာ ၁ သောင်းခွဲဝန်းကျင် တိုးလာကြမှာ ဖြစ်ပါတယ်။
HIMO ဆံပင်တုစက်ရုံမှာ အလုပ်သမား အင်အား ၁၈၀၀ လောက် အလုပ်လုပ်နေတာပါ။
အလားတူ လှိုင်သာယာစက်မှုဇုန် ၃ ထဲက Myanmar Yes အထည်ချုပ်စက်ရုံအလုပ်သမား ၂၀၀၀ ကျော်ဟာလည်း နေ့စဉ်ကြေးနဲ့၊ ရှားပါးကြေးတွေ တိုးပေးဖို့ မနေ့ကတည်းက ဆန္ဒပြခဲ့ကြပြီး၊ ဒီနေ့မှာ အလုပ်ရှင်က လိုက်လျောလိုက်တဲ့အတွက် ပြေလည်မှုရသွားပါတယ်။
အထည်ချုပ်အလုပ်သမားတွေအတွက် ရှားပါးစရိတ်တလကို ၁၁၅၀၀ ကျပ် ပေးဖို့ အလုပ်ရှင်ဘက်က သဘောတူလိုက်ပြီး၊ နေ့စဉ်လုပ်အားခအပေါ်မှာလည်း ၄၀ ကျပ် ထပ်ပေါင်း ပေးလိုက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ဒါကြောင့် Myanmar Yes အထည်ချုပ်စက်ရုံ အလုပ်သမားတိုင်း ပုံမှန် အလုပ်ဆင်းတဲ့ လတွေမှာ အချိန်ပိုကြေးမပါဘဲ တလကို ၅ သောင်းခွဲဝန်းကျင် အနည်းဆုံးရကြမယ်လို့ အလုပ်သမားဘက်က ကူညီပေးသူ တဦးက ပြောပါတယ်။
