Homeမေးမြန်းခန်း
ဩစတြေးလျရောက် နိုင်ငံရေးအကျဉ်းသားဟောင်း၊ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်း၏ အတွေ့အကြုံ
ဩစတြေးလျရောက် နိုင်ငံရေးအကျဉ်းသားဟောင်း၊ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်း၏ အတွေ့အကြုံ
နေသွင်
·
May 10, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်တို့ဟာ ဩစတြေးလျ လေဘာပါတီက စီစဉ်ပေးတဲ့ နိုင်ငံရေးသင်တန်းကို တက်ရောက်ဖို့ ပြီးခဲ့တဲ့အပတ်က ဩစတြေးလျနိုင်ငံကို ရောက်နေပါတယ်။
မကြာခင်က ရွေးကောက်ခံခဲ့ရတဲ့ မြန်မာအမတ်တွေဟာ ဩစတြေးလျ လွှတ်တော်ကို လေ့လာခဲ့သလို၊ ဒီခရီးစဉ်အတွင်းမှာ ဩစတြေးလျဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ လေဘာပါတီက ခေါင်းဆောင်တွေ၊ ဩစတြေးလျက တက္ကသိုလ် ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်လည်းဖြစ်တဲ့ လွှတ်တော်အမတ် ဦးဖြိုးမင်းသိန်းရဲ့အတွေ့အကြုံတွေကို ဆက်သွယ် မေးမြန်းထားပါတယ်။
[caption id="attachment_25226" align="alignleft" width="310" caption="ဦးဖြိုးမင်းသိန်း"][/caption]
ကိုဖြိုးမင်းသိန်းတို့၊ ကိုဇေယျာသော်တို့ ဆိုရင် အခု လောလောလတ်လတ်ပဲ ရွေးကောက်ခံရတဲ့ အမတ်တွေပေါ့နော် ဩစတြေးလျလို နိုင်ငံထဲသွားတယ် လွှတ်တော်ထဲ လေ့လာတဲ့အခါကျတော့ ဘယ်လို ခံစားချက်ရလဲ။ မြန်မာပြည်အတွက် ဘာတွေ စိတ်ကူးရလဲ။
“မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဒီလို ဒီမိုကရေစီ နိုင်ငံကြီးတွေကို လေ့လာခွင့်ရတဲ့အတွက် ကျနော်တို့ တအားကို စိတ်လှုပ်ရှားရတယ်။ ကျနော်တို့က ဒီမိုကရေစီဆိုတာကို ကျနော်တို့ရဲ့ ဖြစ်စေချင်တဲ့ လွတ်လပ်ခွင့်တွေထဲက စဉ်းစားတယ်။ တကယ် ဒီလို လွတ်လပ်ပြီး တကယ်ဆောင်ရွက်နေတဲ့ လေဘာပါတီရဲ့ ဒီ ဩစတြေးလျ လွှတ်တော်မှာ ဘတ်ဂျက်တွေလိုဟာမျိုးပေါ့နော်။ ဘတ်ဂျက်နဲ့ ပတ်သက်ပြီး အဆိုတင်သွင်းတဲ့ အပြန်အလှန်မေးမြန်းတာတွေ၊ အပြန်အလှန်ဆောင်ရွက်ကြတာတွေကို တွေ့တဲ့အချိန်မှာ၊ ကျနော် ဒီမိုကရေစီရဲ့ အနှစ်သာရကို တကယ်ကို လက်တွေ့ တွေ့ရတယ်။ ဒါကြောင့်မို့ ကျနော်တို့က ဒီမိုကရေစီကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက်ဆိုရင် ကျနော်တို့ တိုင်းပြည်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ရဦးမယ်၊ ကျနော်တို့ အခု နိုင်ငံရေးသင်တန်း လာတက်တဲ့ နေရာမှာ ကျနော်တို့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို လမ်းညွှန်ပြနေသလိုမျိုး သီအိုရီတွေ တော်တော်များများကို တွေ့ရတယ်။ ဒါကြောင်မို့ ဒီကိုလာရတာ ကျနော်တို့အတွက် အကျိုးရှိပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လေဘာပါတီက စီစဉ်ဆောင်ရွက်ပေးမှုကို ကျနော်တို့က အထူးကို ကျေနပ်တယ်။ ဒါ ကျနော်တို့ တိုင်းပြည်အတွက် လိုအပ်ချက် လူငယ်တွေကို အခုလို နိုင်ငံတကာကို သွားခွင့်ရတာ တအားကို ကောင်းပါတယ်။”
မြန်မာပြည်ကသွားတဲ့ အန်အယ်လ်ဒီအမတ်တွေက ငယ်ငယ်ရွယ်ရွယ် နုနုပျိုပျိုပေါ့လေ။ သူတို့လေဘာအမတ်က တယောက်ကဆိုရင် အသက်ကြီးကြီးနဲ့ မျက်မှန်ထူထူကြီးနဲ့ တွေ့ရတော့ ကိုဖြိုးမင်းသိန်းတို့ ဘယ်လို ခံစားရလဲ။ ကျနော်တို့ဆီက နိုင်ငံရေးသမားတွေနဲ့ သူတို့ဆီက နိုင်ငံရေးသမားတွေနဲ့ နှိုင်းယှဉ်ပြီး သူတို့က အတွေ့အကြုံပိုများနေမလား။ ကျနော်တို့က အတွေ့အကြုံနည်းနေမလား ဘယ်လို ခံစားရလဲ။
“အတွေ့အကြုံအရ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး သူတို့က သူတို့ရဲ့ ဘိုးဘေးဘီဘင်တွေလက်ထက်ကနေပြီးတော့ နှစ်ပေါင်း ၁၀၀ ကျော်လောက် ထူထောင်လာခဲ့တာ။ လေဘာပါတီရဲ့ ၄၆ ကြိမ်မြောက် အမျိုးသားညီလာခံကြီးကို ကျနော်တို့ကို ပေးပါတယ်။ သူတို့ ၃ နှစ် တကြိမ်လုပ်တာဆိုတော့ ဒါ သူတို့က နှစ်ပေါင်း ၁၂၀ ကျော်လောက် ရှိနေတာပေါ့နော်။ အဲဒီ သူတို့ဆောင်ရွက်နေတဲ့ လေဘာပါတီကြီးရဲ့ ဒီညီလာခံရဲ့ ပေါ်လစီတွေ၊ သူတို့ဆွေးနွေးတဲ့ ပုံစံတွေ၊ သူတို့ ပြည်သူလူထုကြားကို ထိတွေ့တဲ့ အင်တာနက်၊ အီးမေးလ်ကနေ သူတို့ သွားတဲ့ ပုံစံတွေ ကျနော်တို့ကို အများကြီး ရှင်းပြပါတယ်။ လေဘာပါတီထဲကို သွားပြီး ဒီပေါ်လစီ group နဲ့ တွေ့ရတဲ့အခြေအနေမှာ ပေါ်လစီအုပ်စုက ကျနော်တို့ကို သေသေချာချာ သူတို့ရဲ့ ဆောင်ရွက်နေတဲ့ အနေအထားတွေကို ရှင်းပြတယ် အခြေအနေမှာ ကျနော် မြင်ရတာကတော့ အဲဒီမှာ လူငယ်တွေလည်း ရှိတယ်၊ လူကြီးတွေလည်း ရှိတယ်၊ လူလတ်ပိုင်းတွေလည်း ရှိတယ်။
“တဖြည်းဖြည်းလက်ဆင့်ကမ်း သယ်ဆောင်နေတဲ့ သဘောမျိုး တွေ့ရပါတယ်။ လွှတ်တော်ထဲကို ကြည့်လိုက်တဲ့အချိန်မှာ ငယ်ရွယ်နုပျိုတဲ့ လွှတ်တော် အမတ်တွေကိုလည်း ကျနော်တို့ တွေ့ရတယ်။ လွှတ်တော်ကို လုံးဝ ထိန်းပေးထားတဲ့ အသက်ကြီးကြီး သူတွေကိုလည်း တွေ့ရပါတယ်။ နောက်ပြီး လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ ပုံသဏ္ဌာန်တွေကို ကြည့်ရခြင်းအားဖြင့် ဒီမိုကရေစီကို နားလည်နေကြတဲ့အတွက် အပြန်အလှန် လေးစားမှု ထားတယ်။ ဒါပေမယ့် ဆွေးနွေးသင့်တဲ့ ကိစ္စကို မညှာတမ်း သူတို့ ဆွေးနွေးကြတယ်၊ တိုင်းပြည်ရဲ့ အရေး ရှေးရှုပြီး၊ ဒါကြောင့်မို့ ကောင်းမွန်ပါတယ်။”
ကျနော်တို့ အခုရောက်နေတဲ့ အဆင့်ကနေပြီးတော့မှ ကိုဖြိုးမင်းသိန်းတို့ တွေ့ရတဲ့ လွှတ်တော်အဆင့်၊ သူတို့ဆီမှာ ရှိတဲ့ နိုင်ငံရေးသမားတွေ အဆင့်လောက်ထိရောက်ဖို့ ဘယ်လောက်အထိ လိုအပ်တယ်လို့ ထင်လဲဗျ။ ကျနော်တို့ ရေချိန်က ဘယ်လောက် အဆင့်ရှိမလဲ။ ကျနော်တို့ ဘယ်လောက်ကြိုးစားဖို့ လိုအပ်လဲ။ ဘယ်လိုခံစားရလဲဗျ။
“ကျနော် သူတို့ရဲ့ old ပါလီမန်ကို သွားကြည့်တဲ့အချိန်မှာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီအဆင့်က..၊ မြန်မာဆိုတဲ့ နေရာလေးကို နှိပ်လိုက်လို့ရှိရင် မြန်မာနိုင်ငံရဲ့ အဆင့်အတန်းကို သူတို့ တွက်ပေးထားပါတယ်။ ကျနော်တို့က ၁၀၀ ကျော်လောက်ကို ရောက်နေတယ်ပေါ့ဗျာ။ နိုင်ငံပေါင်း ၁၄၀-၁၅ဝလောက်ထဲမှာ ကျနော်တို့ တိုင်းပြည်က ၁၂၀ လောက်ကို ရောက်နေတဲ့ အခြေအနေမျိုး သွားတွေ့နေရတာပေါ့နော်။ အဲဒီအနေအထားတွေကနေ ကျနော်တို့ ရှေ့ဆက်ပြီး တိုးမြင့်အောင် ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့ထဲမှာ အဓိကကတော့ လူလတ်တန်းစား ပေါ်ထွန်းဖို့အတွက် စီးပွားရေး အခြေအနေကောင်းတွေ ဖြစ်လာနိုင်ဖို့ ကျနော်တို့ လိုအပ်ပါတယ်။ နောက်တခုကတော့ အသိဥာဏ်ပညာ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပညာနဲ့ပတ်သက်တဲ့ အသိဥာဏ်ပညာ ပွင့်လင်းနိုင်မယ့် အတတ်ပညာတွေ၊ ကျနော်တို့ဆီမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကလေးငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး ဒီအခြေအနေတွေကို မြှင့်တင်နိုင်မှ နောက် ဆယ်စုနှစ် တခုလောက်မှာ ကျနော်တို့က ဒီမိုကရေစီစနစ်ကို ဖြတ်သန်းနိုင်တဲ့ အဆင့်ကို ရောက်လာမှာပါ။ ဒီကြားထဲမှာတော့ ကျနော်တို့ အမှားတွေ ရှိနိုင်လိမ့်မယ်။ ဒီအမှားတွေကို ကျနော်တို့ ထိန်းညှိပြင်ဆင်ရင်းနဲ့ ကျနော်တို့ သယ်ဆောင်ရလိမ့်မယ်လို့ ထင်တယ်။ နို့မိုဆိုရင် ကျနော်တို့ တိုင်းပြည်မှာ မလိုလားအပ်တဲ့ အခြား အခြေအနေတွေ ပေါ်လာနိုင်ပါတယ်။”
ကျောင်းသားတွေနဲ့ seminar လို လုပ်တော့ သူတို့ဆီက ကျောင်းသားတွေကို ဘယ်လိုမြင်မိလဲ။ ကျနော်တို့ဆီက ကျောင်းသားတွေနဲ့ နှိုင်းယှဉ်ရင် သူတို့ပြောတာဆိုတာ၊ မေးတာမြန်းတာတွေပေါ့။ အဲဒီအပေါ်မှာ ဘယ်လိုခံစားရလဲ ဘယ်လိုထင်လဲ။
“သူတို့ဆီက ကျောင်းသားတွေနဲ့ တွေ့ဆုံရတဲ့အခြေအနေမှာ ပထမတော့ ကျနော် ထင်မြင်ယူဆမိတယ်ပေါ့ဗျာ။ သူတို့နဲ့ ကျနော်တို့က။ ကျနော်ကလည်း ကျောင်းသားဘဝကနေ အကျဉ်းထောင်ထဲမှာ နေခဲ့တယ်၊ ကျောင်းသားတွေနဲ့ ကျနော် ဆွေးနွေးခွင့်ရတော့ သူတို့ဆွေးနွေးတဲ့ မေးခွန်းတွေက ကျနော်တို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ကျနော်တို့ဆီက လူငယ်တွေ စဉ်းစားနေတာနဲ့ သိပ်အများကြီး ကွာခြားချက်တော့ မရှိဘူး။ ဒါပေမယ့် သူတို့ရဲ့ သိမှုကတော့ အားသာတယ်။ သူတို့က ဒီမိုကရေစီဆိုတာကို သူတို့က သိနေတယ်။ သိနေတဲ့အတွက် သူတို့စိတ်ထဲမှာ ခံစားရတာ ဒီအခွင့်အရေးတွေကို သူတို့ တောင်းဆိုနေရတာမဟုတ်ဘူး။ ဒီအခွင့်အရေးတွေက သူတို့က မွေးကတည်းက ရနေတာ။ ကျနော်တို့မှာက ဒီအခွင့်အရေးတွေမရလို့ ဖြစ်နေတာဆိုတဲ့ အခြေအနေပေါ်မှာ သူတို့ သိနေတယ်။ ဒီအခြေအနေတခုကတော့ ကျနော်တို့နဲ့ သူတို့ကြားမှာ မညီဘူး။ သူတို့သင်ကြားနေရတဲ့ ပညာရေးစနစ်တွေကလည်း ကျနော်တို့ဆီက ပညာရေးစနစ်တွေနဲ့ မတူဘူး။ သူတို့ဆီမှာက ဒီမိုကရေစီနဲ့ ပတ်သက်ပြီး သင်ကြားမှုတွေက တအားကို အားကောင်းတယ်။ ကလေးငယ်တွေရဲ့ ပညာရေးစနစ်ကလည်း တိုးတက်တယ်။ သူတို့မေးမြန်းတယ်၊ ကျနော်တို့ တိုင်းပြည်နဲ့ပတ်သက်တဲ့ အခြေအနေတွေအပေါ်မှာတော့ ကျနော်တို့ဆီက လူငယ်တွေ ကျောင်းသားတွေရဲ့ တွေးခေါ်စဉ်းစားမှုနဲ့ အများကြီး ကွာခြားမှုတော့ မတွေ့ရပါဘူး။ ဒါကြောင့်မို့ ကျနော် သူတို့ မေးမြန်းတော့မယ်ဆိုတဲ့ အချိန်မှာ ကျနော် နည်းနည်းစိတ်လှုပ်ရှားလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် နိုင်ငံခြား တက္ကသိုလ်တခုမှာ အဲဒီလို ဖြေကြားမှုမျိုး သိပ်အများကြီး မလုပ်ဖူးဘူးလေ။ ဒါပေမယ့် ကျနော် ဖြေဆိုမှုအပေါ်မှာ သူတို့ ကျေနပ်အားရမှု ရှိပါတယ်။”
ကိုဖြိုးမင်းသိန်းတို့ အမတ် ၃ ဦးလုံး အခုတွေ့ရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေ၊ ကျောင်းသားလို လူတွေက မြန်မာပြည်အပေါ် သူတို့ရဲ့ နားလည်ချက်က တကယ် အစစ်အမှန်နဲ့က ဘယ်လောက်အထိ နီးစပ်လဲဗျ။ ဘယ်လောက်အထိ ကွာခြားလဲ။ ဘယ်လိုထင်လဲဗျ။
“ကျနော်တို့နဲ့ သူတို့ရဲ့အခြေအနေကို ပြောတဲ့နေရာမှာတော့ ဩစတြေးလျနိုင်ငံက ထူးခြားတယ်လို့ ပြောချင်ပါတယ်။ ဩစတြေးလျနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပြည်သူလူထုတော်တော်များများက တကယ်ကို နှစ်နှစ်ကာကာ ထောက်ခံနေတာ ကျနော်တွေ့ရတယ်။ လူတွေက ဒေါ်စုဆိုတာကို ဒီကျနော်ထိတွေ့ခဲ့တဲ့ နိုင်ငံရေးအသိုင်းအဝိုင်း၊ ကျောင်းသားအသိုင်းအဝိုင်းတွေ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူတို့ဆီမှာ တကယ်ကို လေးစားဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်အဖြစ်ကို ခံယူနေကြတာ။ ဒီလို နိုင်ငံမျိုးကိုရောက်လာတယ်။ ဒီမှာရှိနေတဲ့ ပါတီတွေကလည်း ကျနော်တို့တိုင်းပြည်ရဲ့ အရေးကိစ္စကို စိတ်ဝင်စားတယ်။ ပါတီ ၂ ခုစလုံးက ကျနော်တို့ အရေးကိစ္စကို စိတ်ဝင်စားတယ်။ ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဒီဩစတြေးလျနိုင်ငံနဲ့ အခြား နိုင်ငံခြားတိုင်းပြည်တွေနဲ့တော့ တထပ်တည်းမတူနိုင်ဘူး၊ ဩစတြေးလျမှာရှိနေတဲ့ ဒီ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ ဩစတြေးလျနိုင်ငံမှာ ရှိနေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အားလုံးကတော့ မြန်မာနိုင်ငံအရေးကို သူတို့ သိနေတယ်။ သူတို့ မြန်မာနိုင်ငံအရေး အပြောင်းအလဲ ကိစ္စရပ်တွေကို ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိနေတယ်။ ဒါကြောင့်မို့ ကျနော်တို့နဲ့ သူတို့နဲ့ ကြားမှာ ကွာဟမှု နည်းတယ်လို့ ကျနော်ထင်တယ်။ နောက်တချက်က ရေမြေတောတောင်သဘာဝ ပုံစံအရလည်း ကျနော်တို့နဲ့ သူတို့က နီးစပ်ပါတယ်။ ဒါကြောင့်မို့ ဒီမှာ အဝေးရောက်မြန်မာတွေလည်း ရှိကြတဲ့အတွက် ဩစတြေးလျနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတခု ဖြစ်တယ်လို့ ကျနော်မြင်တယ်။ သူတို့အပေါ်မှာလည်း ကျနော်တို့ ဒီမိုကရေစီအရေးအတွက် အခုလို ထောက်ခံနေမှုကို ကျနော် ကျေးဇူးတင်ပါတယ်။”