ထိုင်ဝမ်အရှေ့မြောက်ပိုင်းတွင် ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်

ဓာတ်ပုံ - ရိုက်တာ
ထိုင်ဝမ်အရှေ့မြောက်ပိုင်း ဟွားလျန်ပြည်နယ်စီရင်စုအနီး ရေပြင်မှာ ဖေဖော်ဝါရီ ၄ ရက်နေ့က ပြင်းအားရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ တရုတ်မြေငလျင်တိုင်းတာရေးဌာနက ပြောပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြောက်လတ္တီကျု ၂၄ ဒသမ ၂ နဲ့ အရှေ့လောင်ဂျီကျု ၁၂၁ ဒသမ ၇၂ ဆုံချက်မှာဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာအနက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ ၆ ရှိတဲ့ ငလျင် ပထမအကြိမ် လှုပ်ခတ်ခဲ့ပြီးမှ အခုလို ဒုတိယအကြိမ် လှုပ်ခတ်ခဲ့တာပါ။ ဒေသတခုတည်းမှာပဲ ရစ်ခ်ျတာစကေး ၅ ဒသမ ၅ ပြင်းအားရှိတဲ့ ငလျင် တတိယအကြိမ် ထပ်လှုပ်ခဲ့တယ်လို့ သိရပါတယ်။ ပထမဦးဆုံးအကြိမ် စတင်မလှုပ်ခတ်ခင်မှာ ရစ်ခ်ျတာစကေး ၄ ဒသမ ၇ ပြင်းအားရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့သေးတယ်လို့ တရုတ်မြေငလျင်စင်တာက ပြောပါတယ်။ ဟွားလျန်မှာ အခုလို ဆင့်ကဲမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကို ထိုင်ဝမ်မိုးလေဝသဌာနက အတည်ပြုခဲ့ပြီး အင်အားအပြင်းဆုံး လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ဟာ ရစ်ခ်ျတာစကေး ၅ ဒသမ ၈ ရှိတယ်လို့ ဆိုပါတယ်။ ထပ်ဆင့်မြေငလျင်လှုပ်ခတ်မှုဟာ ၆ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။ ဟွားလျန်ဒေသခံတွေဟာ သိသာတဲ့ ငလျင်လှုပ်ခတ်မှုကို ကြုံခဲ့တယ်လို့ ပြောပါတယ်။ ငလျင်တွေက ရထား ၄ စီးကို သက်ရောက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ မီဒီယာက ဖော်ပြပါတယ်။ ငလျင်ဟာ တရုတ်နိုင်ငံ ဖူကျန်းပြည်နယ် အရှေ့ပိုင်းအထိ လှုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up