Home
ဆောင်းပါး
ပြုံချန်းအိုလံပစ်နဲ့ ကြက်ဥအရောင်
DVB
·
February 5, 2018
20180205 soe nay linn - pyeong chong olympic and cloud colour
တောင်ကိုရီးယားနိုင်ငံ ပြုံချန်းမှာ ဖေဖော်ရီလ ၉ ရက်နေ့ စတင်ကျင်းပမယ့် ၂၀၁၈ ခုနှစ် ဆောင်းရာသီအိုလံပစ် အားကစားပွဲတော်မှာ အတူတကွ ပါဝင်ဆင်နွှဲကြဖို့ တောင်ကိုရီးယားနိုင်ငံက ရန်သူဖြစ်နေဆဲဖြစ်တဲ့ ညီရင်းအစ်ကို မြောက်ကိုရီးယားနိုင်ငံကို ဖိတ်ကြားခဲ့တာကို မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက သဘောတူ လက်ခံပြီး သူ့နိုင်ငံက အားကစားအဖွဲ့ကို တောင်ကိုရီးယားနိုင်ငံ အိုလံပစ်ကစားပွဲအတွက် စေလွှတ်မယ့်အကြောင်း တုံ့ပြန်ခဲ့တဲ့အတွက် တောင်မြောက်ကိုရီးယား နှစ်နိုင်ငံအရေး စိတ်ဝင်စားသူတွေအကြား အတော်လေး လှုပ်ခတ်သွားခဲ့တာကို စာဖတ်သူတွေ သတိပြုမိမှာပါ။ ကျနော်လည်း တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တကယ်ပဲ ငြိမ်းချမ်းကြတော့မှာလားဆိုတဲ့ ဆောင်းပါးတပုဒ်ကို မျှော်လင့်ချက်နဲ့ ရေးခဲ့တာကို စာဖတ်သူတွေ အမှတ်ရကြမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီလိုပြောခဲ့တာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူ့ရဲ့ ပထမဆုံး နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နျူကလီးယားလက်နက်နဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ပိုင်ဆိုင်ရေးအတွက် အဆင်ခြင်မဲ့ လုပ်ဆောင်နေခဲ့တာတွေဟာ အမေရိကန်ပြည်ထောင်စုကို မကြာခင် ခြိမ်းခြောက်လာမှာဖြစ်တဲ့အကြောင်း ပြောပြီး မြောက်ကိုရီးယားရဲ့ လုပ်ရပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုက နျူကလီးယားလက်နက်နဲ့ တုံ့ပြန်ချေမှုန်းသွားမှာဖြစ်တဲ့အကြောင်း ပြောဆိုပြီးတဲ့ နောက်ပိုင်းမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြောက်ကိုရီးယားနိုင်ငံရဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယား အားကစားအဖွဲ့ကို စေလွှတ်ပါဝင်စေမယ်လို့ ပြောလိုက်တဲ့စကားဟာ ကိုရီးယားကျွန်းဆွယ်မှာ မြင့်တက်လာနေတဲ့ တင်းမာမှုတွေကို ပြေလျော့သွားစေနိုင်တဲ့ လုပ်ရပ်အဖြစ် နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်ဟာ သိပ်တော့ ချောမွေ့ ပြေပြစ်လှတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာတွေရဲ့ ဖော်ပြမှုတွေဟာ ချီးမွမ်းပြောဆို ကြိုဆိုရမယ့်အစား ဝေဖန်ပြောဆိုမှုတွေကိုသာ ဖော်ပြခဲ့ကြတဲ့အတွက် အိုလံပစ်ပွဲအကြို ကျင်းပမယ့် နှစ်နိုင်ငံ ပူးတွဲသရုပ်ဆောင် တင်ဆက်မှုကို ပယ်ဖျက်လိုက်တဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့ရပါတယ်။ တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်အရ “တောင်ကိုရီးယားနိုင်ငံ သတင်းမီဒီယာတွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြုံချန်းအိုလံပစ်ပေါ်မှာ ထားတဲ့ စစ်မှန်တဲ့ လုပ်ဆေင်မှုတွေကို ဆက်ပြီး ထိပါးစော်ကား ရေးသားနေပြီး ဒီအားကစားပွဲတော်ဟာ ပြည်တွင်းပွဲတော်တခုသာ ဖြစ်တယ်လို့ ရေးသားနေကြလို့” ဖြစ်တယ်လို့ ဆိုပါတယ်။ စီအန်အန်သတင်းဌာနကို ပေးပို့တဲ့ သတင်းတွေအရ စီစဉ်ထားပြီးဖြစ်တဲ့ တခြား ပါဝင်ယှဉ်ပြိုင်မယ့် ကစားနည်းတွေကိုလည်း ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။ တကယ်တော့ မြောက်ကိုရီယားနိုင်ငံအဖို့ ဒီအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယဉ်ပြိုင်မယ်ဆိုရင် ရလာစရာတွေ အများကြီးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားအကြားသာမက သူ့ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့တောင်မှ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံကျည် စမ်းသပ်မှုတွေကြောင့် နိုင်ငံရေး၊ စစ်ရေး တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ အခြေအနေကနေ နည်းနည်း အသက်ရှူပေါက်ရလာနိုင်တယ်လို့ မျှော်လင့်စရာရှိပါတယ်။ နောက် ကျူးကျော်ဝင်ရောက်ဖို့ ဝတ်စုံပြည့်လေ့ကျင့်မှုတခုလို့ ယူဆရတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးကို အိုလံပစ်ကစားပွဲပြီးတဲ့အထိ ရွှေ့ဆိုင်းထားလိုက်တာဟာ မြောက်ကိုရီးယားနိုင်ငံအတွက် အောင်ပွဲတခု ရရှိလိုက်တာပဲလို့ ပြောလို့ရပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတပ်တွေ နှစ်ဖက်စလုံး အမြင့်ဆုံးအဆင့် အသင့်အနေအထားဖြစ်ဖို့ မြှင့်တင်လိုက်တဲ့ အခြေအနေကို ဖြစ်စေခဲ့တဲ့ တင်းမာမှုကို မှန်မှန်ကြီးဖြစ်အောင် ဖန်တီးလိုက်တဲ့ စစ်ရေးလေ့ကျင့်ပြင်ဆင်မှုကို ခုတော့ မြောက်ကိုရီးယားနိုင်ငံက အပြီးအပိုင် ရပ်ဆိုင်းပစ်လိုက်ဖို့ တောင်းဆိုနေပါပြီ။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုကတော့ ဒီအပေးအယူလုပ်ဖို့ တောင်းဆိုမှုကို လက်မခံခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ အနေအထားကလည်း ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ထိပါးကျူးကျော်မှုကို ခုခံကာကွယ်နိုင်စွမ်းလည်းရှိ၊ အဆင်သင့်လည်းဖြစ်တယ်ဆိုတာ ပြသဖို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဒီကြီးမားတဲ့ ကမ္ဘာ့အားကစားပွဲကြီးမှာ ပါဝင်ကစားလိုက်တာကနေ အဓိကပြဿနာကို ဟန့်တားထားလိုက်ပြီး သံခင်းတမန်ခင်းဆိုင်ရာ အခွင့်အလမ်းတချို့ကိုလည်း ရယူလို့ ရနိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။ သူ့နိုင်ငံက အားကစားသမားတွေ၊ ဦးဆောင်အားပေးသူ အုပ်စုတွေနဲ့ တေးဂီတတင်ဆက်မှုတွေဟာ တောင်ကိုရီးယားနိုင်ငံသားတွေကြားမှာ စိတ်စေတနာကောင်းတွေ ဝင်လာအောင် မောင်းနှင်အားပေးနိုင်တဲ့ ယာဉ်ကြီးတခုလို့ ပြောလို့လည်းရပါတယ်။ ကမ္ဘာတဝန်းက အိုလံပစ်အားကစားပွဲ ကြည့်ရှုအားပေးသူ သန်းပေါင်းများစွာက အိုလံပစ်စိတ်ဓာတ်ဟာ ကိုရီးယားနှစ်နိုင်ငံ ပြန်လည်သင့်မြတ် ပေါင်းစည်းရေးအတွက် အပြုသဘောဆောင်တဲ့ လက္ခဏာတွေကို ဖြစ်ပေါ်လာစေနိုင်တယ်လို့လည်း မျှော်လင့်ကြမှာပါပဲ။ တကယ်လို့များ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်က သူ့စကားအတိုင်း သူ့နိုင်ငံက အားကစားသမားတွေကို တောင်ကိုရီးယား အိုလံပစ်မှာ ပါဝင်ကစားဖို့ စေလွှတ်မယ်ဆိုရင်တော့ ရေရှည်မှာ နှစ်နိုင်ငံအကြား တင်းမာမှုလျော့ပါးရေးကို ထိန်းသိမ်းသွားနိုင်မှာဖြစ်သလို နိုင်ငံရဲ့ စီးပွားရေးကိုလည်း တောင်ကိုရီးယားနိုင်ငံနဲ့ ပိုပြီး ချိတ်ဆက်ဆောင်ရွက်မှုတွေလုပ်ပြီး အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်ပါတယ်။ မြောက်ကိုရီးယားအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ သူတို့က တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ အများကြီး စိတ်ဝင်စားတဲ့အကြောင်း အရိပ်အမြွက် ပြခဲ့ပြီးလည်း ဖြစ်ကြပါတယ်။ ဒါပေမယ့် ဖြစ်ပုံက မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်းက တောင်ကိုရီးယား အိုလံပစ်ကို သူ့နိုင်ငံက အားကစားအဖွဲ့ စေလွှတ်မယ်လို့ ပြောပြီးတာနဲ့ မြောက်ကိုရီးယား မီဒီယာတွေက ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေးနဲ့ အမေရိကန်ပြည်ထောင်စု ဆန့်ကျင်ရေးတွေကို တိုးမြှင့်ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ထုံးစံအတိုင်း မြောက်ကိုရီးယား သတင်းမီဒီယာတွေက အမေရိကန်ပြည်ထောင်စုရဲ့ လေလုံးထွားမှုတွေကို ဆန့်ကျင်ကြတာကတော့ သိပ်မထူးဆန်းလှပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံက နောက်ထပ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘယ်ခြေလှမ်း လှမ်းမလဲဆိုတာနဲ့ သူဟာ စစ်ရေးအရ အရေးယူမှုလုပ်ဖို့ တကယ်ပဲ စဉ်းစားနေတာလား ဆိုတာကိုတော့ အများအားဖြင့် ပူပင်ကြောင့်ကြ ရှိနေတယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ ဒီနေရာမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ သတင်းစာရဲ့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ပုံမှန် ဝေဖန်ရေးဆောင်းပါးတခုမှာ “ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ ပျံသန်းရမယ့် ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ပြည်ထောင်စုက တိမ်မည်းညိုတွေကို သယ်ဆောင်လာနေပါတယ်။ ဒါဟာ ကမ္ဘာမြေပေါ်မှာ မရှိသင့်တဲ့ ငြိမ်းချမ်းရေးရဲ့ စက်ဆုပ်စရာ ရန်သူဖြစ်ကြောင်း ဖော်ပြနေသလို စစ်ဝါဒီဖြစ်တယ် ဆိုတာကိုပါ ပြသနေတာဖြစ်တယ်လို့ ဖော်ပြရေးသားခဲ့တာ တွေ့ရပါတယ်။ နှစ်ပေါင်းများစွာ မြောက်ကိုရီးယားနိုင်ငံရဲ့ ထိပါးစော်ကားမှုတွေကို ခံခဲ့ရတဲ့ တောင်ကိုရီးယား ပြည်သူတွေဘက်ကလည်း မြောက်ကိုရီးယားရဲ့ အခု တောင်ကိုရီးယား အိုလံပစ်ကစားပွဲမှာ စတင်သဘောထားပြောင်းလာတဲ့ ကိစ္စအပေါ်မှာ သိပ်တော့ ပျော်ရွှင်မှုရှိကြတာ မဟုတ်ပါဘူး။ သံသယရှိနေဆဲလို့ ပြောရမယ့်အခြေအနေ ဖြစ်ပါတယ်။ တောင်ကိုရီးယားပြည်သူတွေဘက်က အကြီးစား မြောက်ကိုရီးယား ဆန့်ကျင်ရေးတွေလုပ်လာ၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ပုံတူရုပ်ကို မီးရှို့တာမျိုးတွေအထိ လုပ်လာကြမယ်ဆိုရင်တော့ နှစ်နိုင်ငံဆက်ဆံရေးကို ချိုးဖျက်တဲ့ အပြုအမူမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီလို တောင်ကိုရီးယားပြည်သူတွေရဲ့ မြောက်ကိုရီးယား ဆန့််ကျင်ရေးကို ထက်ထက်သန်သန် လုပ်လာကြတာဟာ မြောက်ကိုရီးယားရဲ့ အကြိုအသင်းအဖွဲ့တွေ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို အလည်အပတ် လာရောက်ခဲ့တုန်းက ဖြစ်ခဲ့တဲ့ မပြေမလည်ဖြစ်ခဲ့တဲ့ကိစ္စကြောင့်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့များ ဒီလို အလားတူ မပြေမလည်ဖြစ်မှုမျိုးတွေ ထပ်ဖြစ်လာမယ်ဆိုရင်တော့ မြောက်ကိုရီးယားက တောင်ကိုရီးယားနိုင်ငံ အိုလံပစ်မှာ ပါဝင်ယှဉ်ပြိုင်မှုကိစ္စကို ရပ်ဆိုင်းပြီး အိမ်ပြန်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင်တော့ ကျနော် အထက်မှာတင်ပြခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံတကာ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကတော့ သဲထဲရေသွန် ဖြစ်သွားကြရတော့မှာကတော့ အသေအချာပါပဲ။ ပြဿနာက နိုင်ငံတကာ အားကစားပွဲတခုဖြစ်ပေမယ့် အိမ်ရှင်နိုင်ငံ တောင်ကိုရီးယားနဲ့ ညီအစ်ကိုတော် မြောက်ကိုရီးယားနိုင်ငံတို့ရဲ့ နိုင်ငံရေးအရ ဆက်ဆံမှု အခြေအနေ၊ သဘောထားတင်းမာနေတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဆက်ဆံရေး အခြေအနေတွေပေါ်မှာ မူတည်နေတာကို တွေ့ရပါတယ်။ ပြောရရင် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ဘယ်လိုကိစ္စ ဘယ်လိုအခန်းကဏ္ဍမဆို အဲဒီနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အဓိကပတ်သက်နေတယ် ဆိုတာပါပဲ။ နိုင်ငံရေးရဲ့အထက်မှာ ဘာမှမရှိဘူးလို့ ပြောခဲ့တဲ့ တရုတ်ပြည် တော်လှန်ရေးခေါင်းဆောင်နဲ့ နိုင်ငံ့ခေါင်းဆောင်ကြီး ဥက္ကဋ္ဌ မော်စီတုံး ပြောခဲ့တဲ့စကားဟာ မှန်ကန်တယ်ဆိုတာကို ပိုပြီး အခိုင်အမာ ပြောရတော့မှာပါပဲ။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံဖြစ်ရပ် အားလုံးဟာလည်း ဒီကနေ့ နိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ ဗလောင်းဗလဲ ဝရုန်းသုန်းကား ဖြစ်မှုတွေကြောင့်သာ ဖြစ်ပါတယ်။ မြန်မာ့အရေးကို ရေးနေတာမဟုတ်တဲ့အတွက် ဒီမှတ်ချက်လောက်ပဲရေးပြီး တောင်မြောက်ကိုရီးယား ညီနောင်နှစ်နိုင်ငံ တောင်ကိုရီးယားနိုင်ငံ ပြုံချန်း ဆောင်းရာသီ အိုလံပစ်မှာ ပြေလည်ငြိမ်းချမ်းကြပါစေ၊ အဲဒီကတဆင့် ပြန်လည်ပေါင်းစည်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။        ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024