စာသင်ကျောင်းတွင်း အထွေထွေလုပ်သားက ၅ တန်းကျောင်းသူကို အဓမ္မကျင့်
DVB
·
February 4, 2018
မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ်၊ ဆားတောင်ကျေးရွာမှာ ဇန်နဝါရီ ၃၁ ရက်က အသက် ၅၁ နှစ်အရွယ် စာသင်ကျောင်း အထွေထွေလုပ်သားက ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဖြစ်စဉ်မှာ မင်းလှမြို့နယ် ဆားတောင်ကျေးရွာက ၅ တန်းကျောင်းသူလေးဟာ ငိုယိုပြီး နေအိမ်ကိုပြန်လာတဲ့အတွက် မိဘများကမေးမြန်းရာ ဆားတောင်ကျေးရွာ အလက(ခွဲ)က ကျောင်း အထွေထွေလုပ်သား ဦးအောင်ဆန်းက ကလေးမလေး ထမင်းစားကျောင်းဆင်းပြီး ကျောင်းပြန်တက်ချိန် စာသင်ကျောင်းတံခါးပိတ်ပြီး အဓမ္မပြုကျင့်ခဲ့တာလို့ ဒုရဲမှူး မျိုးမြင့်ဦးက ပြောပါတယ်။
"ကောင်မလေးက ငါးတန်းကျောင်းသူ နာမည်မ........သူက နေ့လယ်ထမင်းစားကျောင်းဆင်းပြီး၊ အိမ်မှာ ထမင်းစားပြီးတော့၊ ကျောင်းကိုပြန်သွားတယ်။ သူ့အတန်းဖော်တစ်ယောက်ရယ်၊ ၆ တန်းတက်နေတဲ့ ဦးလေးတော်သူတစ်ယောက်ရယ်၊ သူတို့ ၃ ယောက်ကျောင်းကို သွားတယ်၊ ကျောင်းမှာ ဘယ်သူမှ မရောက်သေးဘူး။ ၂ ယောက်က အပြင်မှာ ကျန်ခဲတယ် မ.........က တံခါးဖွင့်ထားတော့ ကျောင်းခန်းထဲကို ဝင်သွားတယ်။ အထဲရောက်တော့
ကျောင်းလုပ်သား ဦးအောင်ဆန်း ၅၁ နှစ်က သူ့ကိုဆံပင်ဖြူ နုတ်ခိုင်းတယ်။ ဆံပင်ဖြူနုတ်ခိုင်းပြီး တံခါးမကြီးပိတ်ခိုင်းတယ်။ တံခါးမကြီးပိတ်ပြီးတော့ KG တန်းဘက် ခေါ်သွားပြီး သားမယား အဖြစ် တကြိမ်ပြုကျင့်ခံခဲ့ရတယ်။”
ဖြစ်စဉ်ကို ကလေးမက ကျောင်းဆင်း အိမ်ပြန်ရောက်မှ မိခင်အားပြောပြတဲ့အတွက် ရဲစခန်းကို အမှုလာတိုင်တာဖြစ်ပြီး မုဒိန်းမှု ကျူးလွန်ခြင်းရှိမရှိ မင်းလှပြည်သူ့ဆေးရုံမှာ ဆေးစာပို့ပြီး ဓာတုဗေဒရုံးကိုလည်း ဆေးစာ ဆက်လက်ပို့ဆောင်းသွားမယ်လို့ ဆိုပါတယ်။
မင်းလှမြို့မရဲစခန်းက ဦးအောင်ဆန်းကို ဖမ်းဆီးပြီး မုဒိန်းမှု ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး