ချောက်မြို့တွင် အမျိုးသားတဦး ဓာတ်ဆီလောင်း မီးရှို့သတ်သေ
DVB
·
February 3, 2018
ချောက်မြို့နယ်မှာ အမျိုးသားတဦး ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေခဲ့ကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၃ ရက်နေ့၊ မနက် ၄ နာရီခွဲအချိန်က ချောက်မြို့၊ အမှတ် ၇ ရပ်ကွက်နေ သက်နိုင်ဝင်း (ခ) ရွှေအ ၃၈ နှစ်မှာ နေထိုင်ရာအိမ်အနီးနားရှိ ဂိုဒေါင် ၂ လုံးအကြားမှာ ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီနဲ့လောင်း မီးရှို့သေဆုံးနေတာကို အိမ်နီးချင်းတဦးက လာပြောမှ သိရတာလို့ မိခင်ဖြစ်သူက ပြောပါတယ်။
"ကျမကလေးတွေ ၁၃ ယောက်ထဲက သူကအငယ်ဆုံးပါ။ ကျန်းမာရေးကလည်း မကောင်းတဲ့ကြားထဲမှာ အရက်သောက်တော့ ပိုဆိုးတာပေါ့။ ရပ်ကွက်ထဲမှာတော့ သေချင်တယ်လို့ အော်အော်ပြီး လျှောက်သွားနေတာ တပတ်လောက်ရှိပြီ။ သူ့ကိုယ်သူ သေကြောင်းကြံစည်တာလည်း ၃ ခါလောက်ရှိပြီ။ အမြဲတမ်း ဒီလိုသွားနေကျဆိုတော့ သတိလည်း မထားမိလိုက်ဘူး။ ဘေးအိမ်က လာပြောမှပဲ သိတော့တယ်။" လို့ ပြောပါတယ်။
သက်နိုင်ဝင်း မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ဆက်လက်စုံစမ်းစစ်ဆေးနိုင်ဖို့ ချောက်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။
ကိုလင်း(ချောက်)